ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၅၅)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို တည်ထောင်ခဲ့သည့် ( ၅၅ )နှစ်မြောက် နှစ်ပတ်လည်အခါသမယဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းနှင့် အာဆီယံဒေသအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ်သည် နှစ်ပေါင်း (၅၅) နှစ်အတွင်း အာဆီယံအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးအရ ပေါင်းစည်းညီညွတ်ပြီး လူထုအခြေပြုသည့် အသိုက်အဝန်းတစ်ခုအဖြစ် တည်ဆောက်ရာတွင် ရရှိခဲ့သောအောင်မြင်မှုများကို ထင်ဟပ်စေသည့် အချိန်အခါကောင်းဖြစ်ပါသည်။ အာဆီယံကို မူလအဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ အချိန်ကာလသည် ကမ္ဘာတစ်လွှား စစ်အေးတိုက်ပွဲ အင်အားပြိုင်ဆိုင်မှုများကြောင့် ဒေသတွင်း၌လည်း ပဋိပက္ခများ၊ တင်းမာမှုများ ရောပြွမ်းနေချိန်ဖြစ်ပါသည်။ အာဆီယံအသင်း ကြီး၏ ဆက်လက်တည်တံ့မှုနှင့် ရည်မှန်းချက်များ၊ ကတိကဝတ်များကို ပြည့်ဝစွာဖော်ဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်နေချိန်လည်း ဖြစ်ပါသည်။ သို့ရာတွင် အာဆီယံအနေဖြင့် ဆယ်စုနှစ်(၅)ခုကျော်အတွင်း ဒေသတွင်းပဋိပက္ခများကို သံတမန်ရေးအရ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကာကွယ်တားဆီးနိုင်ခဲ့ပါသည်။
၁၉၉၉ ခုနှစ်တွင် အာဆီယံအသင်းကြီးကို အရှေ့တောင်အာရှဒေသရှိ နိုင်ငံ (၁၀) နိုင်ငံအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ပြင်ပဆက်ဆံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ရာ ယနေ့တွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ (၁၁) နိုင်ငံ၊ ကဏ္ဍအလိုက် ဆွေးနွေးဖက်နိုင်ငံ (၄)နိုင်ငံ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံ (၄)နိုင်ငံအထိ ရှိလာပြီဖြစ်ပါသည်။ အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဩစတြေးလျဓနသဟာယနိုင်ငံတို့နှင့် အဓိပ္ပာယ်ပြည့်ဝ၍ နှစ်ဖက်အကျိုးရှိသည့် ဘက်စုံ မဟာဗျူဟာမြောက် ဆွေးနွေးဖက်ဆက်ဆံရေးကို ထူထောင်ပြီးဖြစ်ပါသည်။
အာဆီယံ၏ အကျိုးစီးပွားနှင့် အမှတ်လက္ခဏာကို မြှင့်တင်နိုင်ရန်နှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေးကို ပိုမိုအားကောင်းစေရန်အတွက် တတိယနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၌ အာဆီယံကော်မတီ စုစုပေါင်း(၅၅)ခုကို ကမ္ဘာတစ်ဝန်းရှိ မြို့တော်များနှင့် မြို့ကြီးများတွင် တည်ထောင်ထားပြီးဖြစ်ကြောင်း အားရဖွယ်တွေ့ရှိရပါသည်။
အာဆီယံအဖွဲ့နှင့် ထိတွေ့ဆက်ဆံလိုသော နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးလိုသည့်နိုင်ငံများ ပိုမိုများပြားလာခြင်းသည် အာဆီယံ၏ စံတန်ဖိုးများကို နိုင်ငံတကာမှ ပိုမိုလက်ခံအသိအမှတ် ပြုလာခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိပါသည်။ ယနေ့အချိန်တွင် အာဆီယံသည် အောင်မြင်သော ဒေသတွင်းပေါင်းစည်းမှု ပုံစံတစ်ခုဖြစ်လာပြီး ကမ္ဘာ့ရေးရာကိစ္စရပ်များ၌ အရေးပါသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
လွန်ခဲ့သောနှစ်များအတွင်း အာဆီယံနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားစေသည့် အသိုက်အဝန်းတစ်ခုကို အတူတကွတည်ဆောက်ခဲ့ကြပါသည်။ ယနေ့တွင် အာဆီယံသည် စီးပွားရေးအရ အာရှတိုက်တွင် တတိယနှင့် ကမ္ဘာတွင် ဆဋ္ဌမမြောက် အဆင့်အထိ ရောက်ရှိအောင်မြင်ခဲ့ပြီဖြစ်ပါသည်။
ယင်းကဲ့သို့ အောင်မြင်မှုများစွာရရှိနေသော်လည်း အာဆီယံအနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများဖြစ်သော နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လူမှောင်ခိုကုန်ကူးမှု၊ အကြမ်းဖက်မှု၊ ဆိုက်ဘာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ ကူးစက်ရောဂါများ၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေးစသည်တို့ကိုလည်း ရင်ဆိုင်ရလျက်ရှိပါသည်။
သို့ဖြစ်ရာ ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှ “စိန်ခေါ်မှုများကို စုစည်းညီညွတ်စွာဖြေရှင်းကြစို့”ဟူသော ဆောင်ပုဒ်ကို ယခုနှစ်အတွက် ရွေးချယ်ခဲ့ခြင်းမှာ သင့်လျော်ကောင်းမွန်ပါသည်။ အာဆီယံ၏ “စုစည်းညီညွတ်မှု” စိတ်ဓာတ်ဖြင့် လိုက်လျောညီထွေရှိပြီး ငြိမ်းချမ်းသာယာဝပြောသည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ထူထောင်ကြရမည်ဖြစ်ပါသည်။
စိန်ခေါ်မှုများစွာအနက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလမှစ၍ ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါမှာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ဘဝအပေါ် ထိခိုက်စေခဲ့ပြီး အာဆီယံ အသင်းကြီး၏ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်နိုင်စွမ်းရှိမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို စမ်းသပ်လျက်ရှိပါသည်။
သို့ရာတွင် အာဆီယံ၏ စုပေါင်းအင်အားနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကြောင့် အာဆီယံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်မှုများကို အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေး မူဘောင်၊ အာဆီယံခရီးသွားစင်္ကြံ သဘောတူညီချက်မူဘောင်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ကူးစက်ရောဂါများအတွက် အာဆီယံဗဟိုဌာနတို့မှတစ်ဆင့် ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါသည်။
အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအားပြိုင်မှုတို့မှတစ်ဆင့် ပေါ်ပေါက်လာသည့် ဖိအားများနှင့် လွှမ်းမိုးမှုများကို စုစည်းညီညွတ်စွာ ကြံ့ကြံ့ခံနိုင်စွမ်းရှိရမည်ဖြစ်ပြီး အာဆီယံ၏ဦးဆောင်မှုအောက်ရှိ ယန္တရားများမှတစ်ဆင့် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဗိသုကာပုံစံတစ်ရပ်ကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့်ကာလအတွင်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံတန်ဖိုးများ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့အပေါ်အခြေခံပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာကိုင်စွဲထားရန် အလွန်ပင်အရေးကြီးပါသည်။ အာဆီယံ၏ အခြေခံမူများကို မြှင့်တင်ခြင်းဖြင့် အာဆီယံဦးဆောင်မှုအောက်ရှိ ယန္တရားများနှင့် အာဆီယံကိုဗဟိုပြုသည့် ဒေသဆိုင်ရာဗိသုကာပုံစံကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သည့်အပြင် အရှေ့တောင်အာရှဒေသ၊ အာရှ-ပစိဖိတ်ဒေသနှင့် အင်ဒို-ပစိဖိတ်ဒေသရှိ ပြည်သူများအတွက်လည်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ချမ်းသာကြွယ်ဝမှုတို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
အာဆီယံတူညီဆန္ဒကို အခြေပြုသည့်လမ်းစဉ်နှင့်အတူ လွတ်လပ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှု၊ သာတူညီမျှမှုနှင့် ဝင်ရောက်မစွက်ဖက်ရေးမူတို့အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက လေးစားလိုက်နာခြင်းဖြင့် “မတူကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု” ရှိသည့် အာဆီယံမိသားစုကြီးအဖြစ် တစုတစည်းတည်း ဖြစ်စေရုံသာမက ဒေသတွင်းရှိ ပြည်သူများအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ဒေသဆိုင်ရာ ပေါင်းစည်းရေးရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုတွင် အားလုံးပါဝင်မှုရှိရေး၊ အမျိုးသမီးနှင့် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးတို့ကို ဆောင်ရွက်ခြင်းတို့အပြင် အာဆီယံ၏ သွင်ပြင်လက္ခဏာနှင့် အာဆီယံပုံရိပ်မြှင့်တင်ခြင်းမှာလည်း အရေးကြီးပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အာဆီယံအသင်းကြီး၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာချိန်မှစ၍ တာဝန်ယူမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်ရွက်မှုရှိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံအသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းမှုများတွင် အားတက်သရော ထောက်ခံပံ့ပိုးခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။
အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်း အစီအစဉ် - ၄ (၂၀၂၁-၂၀၂၅)၊ အာဆီယံပေါင်းစပ်ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ အပါအဝင် အာဆီယံအသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ ၏ အဓိကလုပ်ငန်းစဉ်များတွင် တိုးတက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံမှ အလေးထားဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံပဋိညာဉ် စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့တွင်ပါရှိသည့် အခြေခံမူများနှင့် စံတန်ဖိုးများအပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။ ဒေသတွင်းရှိ ပြည်သူများအားလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရေး ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ပါသည်။
အာဆီယံအသင်းကြီး၏ (၅၅) နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် မြန်မာပြည်သူပြည်သားများ အားလုံးကို ဒေသတွင်းနှင့် ဒေသပြင်ပ တည်ငြိမ်အေးချမ်းရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် အာဆီယံအသင်းကြီး၏ မျှော်မှန်းချက်များနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
- Log in to post comments