Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သော သဝဏ်လွှာ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်)

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျာ

 

ယနေ့ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ကရင်နှစ် ၂၇၆၁ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားအားလုံး အလေးအမြတ်ထား ဂုဏ်ယူတန်ဖိုးထားကြသည့် နှစ်သစ်ကူးမင်္ဂလာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ နှစ်သစ်အခါသမယတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းစသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ကရင်ဘိုးဘွားမိဘများ အခြေချနေထိုင်ခဲ့သည့် ဘီစီ ၇၃၉ ခုနှစ်မှစတင်၍ နှစ်စဉ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း (၁) ရက်နေ့တွင် နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် ကြိုဆိုကြပြီး နှစ်သစ်ကူးအခမ်းအနားကို ပျော်ရွှင်ကြည်နူးစွာ ကျင်းပဆင်နွှဲလေ့ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။  နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်အခါတွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူး အချိန်ကာလတွင် အတိတ်၏  အတွေ့အကြုံများအပေါ် သင်ခန်းစာရယူ၍ နှစ်သစ်အတွက် စိတ်သစ်၊ လူသစ်များဖြင့် လန်းဆန်းတက်ကြွနေမည်ဟု ယုံကြည်ပါသည်။

 

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓာတ်များမွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွနေထိုင်လာခဲ့ကြပါသည်။ မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ၊ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့်  ဘာသာ၊  လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်း အစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ပြီး အေးအတူပူအမျှ၊ မရှိအတူ ရှိအတူ စည်းလုံးညီညာခဲ့ကြသည်။

 

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ကရင်တိုင်းရင်းသားတို့၏ ပင်ကိုသဘာဝသည် ရိုးသားအေးချမ်းပြီး မာန်မာနကင်းစင်ကာ အပြုံးကိုယ်စီ ဆောင်ကြသည်။ ရဲရင့်ပြတ်သားပြီး ကတိသစ္စာကြီးမားကြသည်။ ကရင်တိုင်းရင်းသားများ၏ ဖြစ်တည်မှုသမိုင်းကြောင်း ရှည်လျားမှုနှင့်အညီ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းကရှိခဲ့သော ကောင်းမြတ်သည့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့်အတူ ယဉ်ကျေးမှုသမိုင်း အမွေအနှစ်ကောင်းများကိုလည်း ပိုင်ဆိုင်ထားကြသည်။

 

ကရင်ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး၏ အချက်အချာဒေသတစ်ခု၊ မပျက်စီးသေးသည့် သဘာဝအလှတရားများ  တည်ရှိနေသည့် ဒေသတစ်ခုဖြစ်သည့်အပြင် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး အဖိုးတန် သစ်တောများလည်း ရှိနေသည့်အတွက်  ရာသီဥတုသမမျှတပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကရင်ပြည်နယ်၏ အထင်ကရ သင်္ကေတသည် သံလွင်မြစ်ဖြစ်သလို ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြု ယဉ်ကျေးမှုသင်္ကေတသည် ဖားစည်ဖြစ်ပါသည်။ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲစသည့်  ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့ပွဲတော်များရှိပြီး ကရင်ဒုံးယိမ်းအကသည် မြူးကြွ၍ လူကြိုက်များသည့် အကတစ်မျိုး ဖြစ်ပါသည်။ ထိုသို့သော ယဉ်ကျေးမှုအမွေများသည် ကရင်တိုင်းရင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရာများပင် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားများ ဘိုးဘွားဘီဘင်အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသည့် ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကို နောင်အနာဂတ် တိုင်းရင်းသားလူငယ်များကလည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ  ထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါသည်။

 

ကရင်တိုင်းရင်းသားတို့၏ တိုင်းပြည်အပေါ်ထားရှိသည့် ကောင်းမွန်သော စိတ်ထားများကြောင့် ငြိမ်းချမ်းရေးအသီးအပွင့်ကို လက်တွေ့သိရှိခံစားနေရပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိတွေ့ခံစားနေရပြီ ဖြစ်သည်။ ထိုရရှိပြီးသော ရလဒ်ကောင်းများကို ပိုမိုတိုးတက်ဖြစ်ထွန်းအောင် ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက်ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပါသည်။

 

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

 

ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်းများသည် ထားရှိအပ်သော  မွန်မြတ်သည့် စိတ်ဓာတ်များဖြစ်သည်ဟု ရှုမြင်ကာ ပိုမိုကောင်းမွန်သော နှစ်သစ်ကို လက်တွဲပူးပေါင်းဖော်ဆောင်ကြရန်  အလေးအနက် ဖိတ်ခေါ်လိုပါသည်။

 

မိမိတို့အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံတော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရေးအတွက် အဓိက အခြေခံရမည့်အချက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေး(၃)ပါးပင် ဖြစ်ပါသည်။ ထို့ကြောင့်  တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအင်အားဖြင့် နိုင်ငံတော်ကို ဆက်လက်တည်ဆောက်သွားကြရန် တိုက်တွန်းလိုပါသည်။

 

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းသာယာဝပြောရေးတို့အတွက် အဓိကလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေးနှင့် နိုင်ငံအတွင်း  ထာဝရငြိမ်းချမ်းရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်သော စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတို့ဖြင့် တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။

 

ယနေ့နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး  ကောင်းကျိုးလိုအင် ဆန္ဒများဖြင့်  ပြည့်ဝကြလျက် သာယာကောင်းမွန်သောနှစ်သစ်ကို မွန်မြတ်သော စိတ်ဓာတ်ဖြင့် ကြိုဆိုနိုင်ကြပါစေ၊ နှစ်သစ်ကူးပွဲတော်ကို တပျော်တပါးဆင်နွှဲရင်း ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ပိုမိုရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

 

                                                                                                                                                                                        (ပုံ) မင်းအောင်လှိုင်

                                                                                                                                                                                         ဗိုလ်ချုပ်မှူးကြီး

                                                                                                                                                                                          နိုင်ငံတော်ဝန်ကြီးချုပ်

                                                                                                                                                                                         ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ