ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)
ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား
ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ထူးမြတ်သည့်အခါသမယတွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံကြပါစေကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာအတူတကွ အေးအတူပူအမျှ နေထိုင်လာခဲ့သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့သည် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။
တိုင်းရင်းသားမျိုးနွယ်စုများအလိုက် စုစည်းနေထိုင်ရင်း ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံဟူ၍ ထည်ဝါစွာ ရပ်တည်နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးညီလာခံ၊ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၇) နှစ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ်များထွက်ရှိရာပြည်နယ်တစ်ခု ဖြစ်သည့်အပြင် အဖိုးတန်ရတနာများ ပေါကြွယ်ဝစွာ ထွက်ရှိခြင်း၊ တောတောင်ရေမြေသဘာဝကောင်းများကြောင့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် ရေခံမြေခံကောင်းများရှိခြင်းနှင့် မြန်မာနိုင်ငံ၏အလှပဆုံးသော ဧရာဝတီမြစ်ကြီး စတင်စီးဆင်းရာနေရာဖြစ်ခြင်း တို့ကလည်း ပြည်နယ်၏ထူးခြားသော အလှတရားကို ဖော်ပြလျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးအုပ်လျက်ရှိသည့် ရေခဲတောင်များ၏လှပမှုနှင့် အင်းတော်ကြီးအိုင်၊ မြစ်ဆုံတို့၏ သာယာလှပမှုတို့ကလည်း ပြည်နယ်၏ထင်ရှားသောသဘာဝ အလှအပများပင်ဖြစ်ပါသည်။
ထိုကဲ့သို့သော ထူးခြားလှပသည့် သဘာဝအလှအပများနှင့်အတူ ပြည်နယ်အတွင်း ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး စသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းမျိုးနွယ်စုများ၊ ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် လူဦးရေ (၁၅) သိန်းကျော် အတူတကွ ချစ်ကြည်ရင်းနှီးစွာဖြင့် နေထိုင်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။
ကချင်ပြည်နယ်နေ့နှင့်အတူ ကချင်ရိုးရာမနောပွဲတော်ကြီးသည်လည်း ခွဲခြားမရနိုင်သော အမှတ်သင်္ကေတတစ်ခုဖြစ်ပါသည်။ မနောပွဲတော်တွင် ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ ရိုးရာအကအလှများကို တည်ငြိမ်လှပကျက်သရေရှိလှသော တိုင်းရင်းသားဝတ်စုံများဖြင့် စုပေါင်းညီညာစွာကပြသည့် မနောအကသည် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ကာ ပြည်နယ်အေးချမ်းသာယာမှုကို ခိုင်မြဲအောင်တည်ဆောက်ထားနိုင်သော ရိုးရာယဉ်ကျေးမှုတစ်ခု ဖြစ်ပါသည်။
ကချင်ပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် ရေခံ၊ မြေခံနှင့်သဘာဝအရင်းအမြစ်များကို လက်တွေ့အသုံးချ၍ ပြည်နယ်၏စီးပွားရေးကဏ္ဍ မြင့်တက်လာနိုင်စေရေး ဖော်ဆောင်နိုင်မည့် အခြေခံကောင်းများနှင့် ပြည့်စုံလျက်ရှိနေပါသည်။ ဒေသထွက်ကုန်ကြမ်းများမှတစ်ဆင့် ကုန်ချောအဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောကာလဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိစေရေးတို့အတွက် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက်ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားသောကဏ္ဍများတွင် ပြည်သူကို ဗဟိုပြု၍ အားလုံး ပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်များ ချမှတ်ဆောင်ရွက်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တို့ကိုလည်း အလေးထားလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်စေရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု၊ အရင်းအနှီးနှင့်နည်းပညာပိုင်းဆိုင်ရာများကို ဟန်ချက်ညီညီ ပြည့်စုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဓာနကျသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူနိုင်ငံသားများအားလုံးက အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါသည်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးပါသောအချိန်ကာလဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။
ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေကြရပါသည်။ ထိုကဲ့သို့သော ပြည်တွင်းပြည်ပ ပယောဂများကြောင့် ဆင်ခြင်တွေးတောမှု ကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့်လုပ်ရပ်များကို ရပ်တန့်စေပြီး မိမိတို့တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြား လိုပါသည်။
နိဂုံးချုပ်အနေဖြင့် ကချင်ပြည်နယ်မှ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးပြီး အမျိုးသားရေးစိတ်ဓာတ်မြင့်မားသည့် တိုင်းရင်းသား ပြည်သူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်တည်ဆောက်ရာတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပါဝင်ကြိုးပမ်း တည်ဆောက်သွားကြရန် အလေးအနက်ထားတိုက်တွန်းရင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- Log in to post comments