Skip to main content

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ဇန်နဝါရီ ၉

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြား သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပညာရေးမှူးများ၊ ပါမောက္ခများ၊ ပညာရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပစာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံအခမ်းအနားမုခ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် နှုတ်ခွန်းဆက် ကပြဖျော်ဖြေကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာဆီမီးတိုင်ကို စက်ခလုတ်နှိပ်၍ ထွန်းညှိပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်ခုကို အဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှု မြင့်မားသည့် နိုင်ငံသားများ ပေါများရေးကို ဦးတည်ကြိုးပမ်းလျက် ရှိကြောင်း၊ “ပညာ” သည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ကို ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုး သယ်ပိုးထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သည့် အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။

ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင် အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့် နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။

ညီလာခံဦးတည်ချက်ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း - Navigating the Future: Education, Science and Technology for Brighter and More Prosperous Societies.” ဟု သတ်မှတ်ထားသည်ကို တွေ့ရကြောင်း၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးကို ဖန်တီးပေးနိုင်မည့် ထိရောက် အားကောင်းသည့် စွမ်းအားတစ်ရပ်ကို ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း။

သုတေသနဟူသည့် ဝေါဟာရသည် “သုတ” နှင့် “ဧသန” တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း၊ “သုတ” ဟူသည်မှာ အကြားအမြင်ဖြစ်ပြီး “ဧသန”သည် ရှာမှီးခြင်း ဖြစ်သည့် အတွက် “သုတေသန”ကို မြန်မာအဘိဓာန်တွင် “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း”ဟု ဖွင့်ဆိုထားကြောင်း၊ သုတေသနက ဗဟုသုတအသစ်များ၊ တွေ့ရှိချက်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ပေးနိုင်ကြောင်း၊ လက်ရှိအယူအဆများကို သက်သေစိုက်ထူ ခိုင်မာစေနိုင်ကြောင်း၊ လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး ပညာရပ်ဆိုင်ရာ အသိအမြင်များကို ပိုမိုတိုးတက်မြင့်မားလာစေနိုင်ကြောင်း၊ ထို့ကြောင့် သုတေသနဟူသည်မှာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့ကို တွန်းအားပေးနိုင်စွမ်းရှိသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ကြောင်း။

သုတေသနလုပ်ငန်းများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များ ဖော်ထုတ်ပြီး ဈေးကွက်သစ်များ ချဲ့ထွင်နိုင်မည် ဖြစ်သကဲ့သို့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအတွက် ကျွမ်းကျင်မှုအရည်အသွေးများနှင့် ပြည့်စုံသည့်ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် နိုင်ငံတကာသုတေသနညီလာခံကြီးမှ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုတံခါးသစ်ကို ဖွင့်လှစ်ပေးသွားလိမ့်မည်ဟု ယုံကြည်ကြောင်း။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက် ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေးအတွက် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာအထက်တန်းကျောင်း (၈၅) ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး KG+9 ပြီး မြောက်အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်ပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်သောကြောင့် အသိပညာရှင်၊ အတတ် ပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကုန်ထုတ်လုပ်မှုမြင့်မားစေရေးကို အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး အားပေးရမည်ဖြစ်ကြောင်း၊ သုတေသနတွေ့ရှိချက်များမှတစ်ဆင့် ထုတ်ကုန်အသစ် ထုတ်လုပ်နိုင်မည့် နည်းပညာအသစ်များကို စက်မှုလုပ်ငန်းများသို့အရောက် နည်းပညာလွှဲပြောင်းပေးခြင်းနှင့် သုတေသနတွေ့ရှိချက်အသစ်များကို လိုအပ်သည့် အဖွဲ့အစည်းများထံ အသိပညာဗဟုသုတ မျှဝေပေးခြင်း ပြုလုပ်နိုင်ပါက နိုင်ငံ့စီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာအောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့ကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ (၂၀၂၅)တွင် ပြည်တွင်းပြည်ပမှ ပညာရပ်ဆိုင်ရာထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့်သုတေသနပညာရှင်ကြီးများက Keynote Speech များနှင့် ပညာဗဟုသုတမျှဝေပေးကြပြီး ဆရာအတတ်ပညာကဏ္ဍ၊ ဝိဇ္ဇာနှင့်သိပ္ပံပညာကဏ္ဍ၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေ သိပ္ပံကဏ္ဍ၊ MSME နှင့် TVET ကဏ္ဍ၊ Natural Language Processing - NLP နှင့် AI Technology ကဏ္ ဍစသည့် ကဏ္ဍကြီး (၅) ရပ်တွင် စာတမ်းပေါင်း (၁၀၀) ကျော် ဖတ်ကြားတင်သွင်း ဆွေးနွေးသွားကြမည်ဟု သိရှိရကြောင်း၊ ထို့အပြင် သုတေသနပိုစတာ ပြပွဲများနှင့် အားဖြည့်ထားသည့်အတွက် နိုင်ငံတကာသုသေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းအတွက် အားရဂုဏ်ယူကြောင်းကို ပြောကြားလိုကြောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသည် ဆက်စပ်နေသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများကို အထူးအားပေးသွားကြရမည်ဖြစ်ကြောင်း။

ယခု သုတေသနညီလာခံကြီးတွင် ရွေးချယ်ခံရသဖြင့် တင်သွင်းသည့်သုတေသနစာတမ်းများသည် ပညာရှင်အဆင့်စာတမ်းများဖြစ်သည်နှင့်အညီ ကမ္ဘာက အားကိုးအားထားပြုရသည့် နိုင်ငံတကာအသိအမှတ်ပြုစာတမ်းများဖြစ်ကြောင်း သိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။

ယခုညီလာခံကြီးကို တက်ရောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ရောက်ရှိလာကြသည့် နိုင်ငံတကာသုတေသနပညာရှင်ကြီးများနှင့် အွန်လိုင်းက တက်ရောက်ဆွေးနွေးကြသည့် ပညာရှင်ကြီးများကို နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားလိုကြောင်း၊ ပညာရှင်ကြီးများ၏ပါဝင်မှုသည် ညီလာခံကြီး၏ ကြီးကျယ်ခမ်းနားမှုကို ထပ်လောင်းအားကောင်းစေမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရှင်ကြီးများ၏ ကျွမ်းကျင်မှုပညာနှင့် သုတေသနစာတမ်းများ ဖတ်ကြားမှု၊ အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးမှုနှင့် သုတေသနညီလာခံ မှတ်တမ်းစာအုပ်များ တည်းဖြတ်ပေးမှုတို့သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ကောင်းတစ်ခု ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အပြင် နိုင်ငံတကာသုတေသနညီလာခံကြီးကို အစစအရာရာ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသည့် ညီလာခံကျင်းပရေးကော်မတီ၏ လုံ့လ ဝီရိယနှင့် ကြိုးစားအားထုတ်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။

ယခုကဲ့သို့ ညီလာခံကြီးများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အကြံကောင်းဉာဏ်ကောင်းများ မျှဝေပေးကြရန်၊ ဘာသာရပ်တူသူများ၊ စိတ်ဝင်စားရာ ပညာရပ်နယ်ပယ်တူသူများ၊ ရည်မှန်းချက်တူသူများအချင်းချင်း သုတေသနပရောဂျက်များ ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများ ရှာဖွေဖော်ထုတ်ပေးကြရန်၊ သင်ထောက်ကူပစ္စည်းများ၊ သင်ကြားနည်းစနစ်များ မျှဝေပေးခြင်း၊ online သင်တန်းများပို့ချခြင်းတို့နှင့် သင်ကြားရေးဆိုင်ရာရင်းမြစ်များ တိုးတက်ရေးအတွက် ဖန်တီးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အထူးသဖြင့် အရာရာကို လေ့လာစူးစမ်းပြီး ရလဒ်အပေါ် အခြေခံသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လိုကြသည့် လူငယ်လူရွယ်များအတွက် ယခုကဲ့သို့ သုတေသနညီလာခံများ ကျင်းပပေးခြင်းဖြင့် လူငယ်များ၏ စူးစမ်းလေ့လာသုတေသနပြုလိုသည့် သုတေသနယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ပညာရေး၊ သိပ္ပံနှင့်နည်းပညာများ၏ စွမ်းပကားများနှင့် နောင်လာနောက်သားမျိုးဆက်တို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်ကောင်းမွန်သည့် လူမှုစီးပွားဘဝနှင့်အတူ ပိုမိုတောက်ပသည့် အနာဂတ်ကို လက်ဆင့် ကမ်းပေးပြီး နိုင်ငံအကျိုး၊ ဒေသအကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်းကို ဆုတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ် ပိုစတာပြခန်းအား တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း” ဟူသည့် ဦးတည်ချက်နှင့်အညီ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များ ပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုမှ ပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပပညာရှင် ၄၀ ဦး တို့တက်ရောက်ကြမည်ဖြစ်ကာ Keynote Address (၆) ခုı Special Talk (၅) ခုနှင့် ပြည်တွင်း ပြည်ပသုတေသနစာတမ်း (၁၃၃) စောင် ဖတ်ကြားတင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ညီလာခံကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ပညာရေးနှင့် တိုင်းပြည်ကောင်းမွန် တိုးတက်စေရေး နိုင်ငံတော်နှင့် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မားလာစေရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။