Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂ဝ၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်၊ မင်းဘူး-ပဒါန်း-အမ်းကားလမ်း မိုင်တိုင်အမှတ် ၄/၇ မှ ၅/၀ အကြားကျင်းပပြလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး ဒေါ်ကြူကြူလှ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မကွေးခရိုင် အတွင်းရှိတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အပူပိုင်းဒေသ(၁၃) ခရိုင်အတွင်း ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် နှစ်စဉ်မိုးရာသီကာလများတွင် သစ်ပင်စိုက်ပျိုးပွဲများကို မိမိကိုယ်တိုင်ဦးဆောင်၍ သစ်ပင်များစိုက်ပျိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးသဖြင့် အပူပိုင်းဒေသများတွင် ရာသီဥတု ပိုမိုပူပြင်းလာသည်ကို သတိပြုမိသည့် အတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မိတ္ထီလာခရိုင်တွင် မိမိကိုယ်တိုင်ဦးဆောင်၍ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အပူပိုင်းဒေသ(၁၃)ခရိုင်၊ မြို့နယ်(၂၉)မြို့နယ်တွင်လည်း သစ်ပင်စိုက်ပွဲတော်များကို တစ်ပြိုင်တည်း ကျင်းပဆောင်ရွက်ပေးခဲ့ပြီး သစ်ပင်စုစုပေါင်း ၃၅၀၀၀ ခန့်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း။

ယနေ့တွင် သစ်မျိုး ၇ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မင်းဘူးဒေသသည် အပူပိုင်းဒေသများတွင် ပါဝင်ပြီး ယခုဒေသတွင် အထူးသဖြင့် မိုးရွာသည့်ပုံစံများမှန်ကန်မှုမရှိခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူချိန်အတက်အကျ များလွန်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်နှစ်က မင်းဘူးမြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုဒေသတွင် ရာသီဥတုပူပြင်းသည့် ဒဏ်များ မခံစားရစေရန် သစ်ပင်များစိုက်ပျိုးပေးခြင်းသည် အကောင်းဆုံးပင်ဖြစ်သဖြင့် သစ်ပင်စိုက်ပျိုးခြင်း များကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ သစ်ပင်များမရှိပါက မြေဆီလွှာများပျက်သုဉ်းလာပြီး သစ်ပင်များရှင်သန်မှုများနည်းပါးလာပြီး ကန္တာရဆူးပင်များဖြင့် ပြည့်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုသို့မဖြစ်ပေါ်စေရန်အတွက် သစ်ပင်များစိုက်ပျိုး၍ ကြိုတင်ကာကွယ်ခြင်းများကို ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်များသည် တားဆီး၍မရသော်လည်း လူများ၏ ကြိုတင်ကာကွယ် ဖန်တီးမှု၊ လုံ့လ၊ ဝီရိယထားကြိုးပမ်းဆောင်ရွက်မှုများဖြင့် ထိုက်သင့်သလောက် အကာအကွယ် ပေးနိုင်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းကြောင့် အရိပ်အာဝါသများ ရရှိခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်းများ ဖြစ်ပေါ်ရရှိလာမည်ဖြစ်ကြောင်း၊ ယခုဒေသတွင် သစ်ပင်များစိုက်ပျိုး၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်သင့်ကြောင်း၊ “သစ်တစ်ပင်ကောင်းပါက ငှက်တစ်သောင်းနားခိုနိုင်သည်” ဟု ပြောကြားကြကြောင်း၊ ကျေးငှက်သာတကာများ လာရောက်နားခိုကြပြီး ၎င်းတို့သယ်ဆောင်လာသည့် သစ်စေ့များမှ သစ်ပင်များ ထပ်မံပေါက်ရောက်၍ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေကြောင်း။

ယခုဒေသတွင် လျှပ်စစ်ဓာတ်အားရရှိမှုနည်းပါးခြင်းကြောင့် ချက်ပြုတ်ခြင်းများအတွက် လိုအပ်သည့်ထင်းများကို ခုတ်ယူသုံးစွဲကြကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ချိန်တွင် ရွာတစ်ရွာတွင် ထင်းစိုက်ခင်း ၂ ဧက စီစိုက်ပျိုးရန်အတွက် တိုက်တွန်းပြောကြားထားကြောင်း၊ မင်းဘူးခရိုင်အတွင်း ၅ မြို့နယ်၌ ကျေးရွာပေါင်း ၉၆၃ ရွာရှိကြောင်း၊ တစ်ရွာကို ၂ ဧကနှုန်းဖြင့် စိုက်ပျိုးသွားမည်ဆိုပါက ဧက ၂၀၀၀ နီးပါး စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင်တစ်ခါ ထပ်မံစိုက်ပျိုးသွားမည်ဆိုပါက သစ်တောသစ်ပင်များ များစွာပေါက်ရောက်နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူအိမ်တစ်အိမ်လျှင် တစ်ပင်စီစိုက်ပျိုးပါကလည်း မင်းဘူးခရိုင်အတွင်း အိမ်ခြေပေါင်း ၁၇၀၀၀၀ ခန့်ရှိသည့်အတွက် တစ်နှစ်တစ်ခါ စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်သစ်တောပေါက်ရောက်မှု များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခင်ကတည်းက ယခုကဲ့သို့ စိုက်ပျိုးဆောင်ရွက်ခဲ့မည်ဆိုပါက ယခုဒေသတွင် ရာသီဥတုများ ကောင်းမွန်လာမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှုအား ၅၀ ရာခိုင်နှုန်းခန့်တိုးတက်စေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း ပျိုးပင်ပေါင်း ၁၆ ဒသမ ၂၇ သန်းစိုက်ပျိုးခဲ့သည်ကို အစီရင်ခံစာ အရ သိရှိရကြောင်း၊ ယခုအခါတွင်လည်း အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ - ၂၀၂၆ မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်းတွင် ပျိုးပင်များထပ်မံတိုးချဲ့ စိုက်ပျိုးသွားရန် စီမံ ဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြောင့် အဆိုပါစိုက်ပျိုးသည့်အပင်များ အောင်မြင်အောင် စိုက်ပျိုး ဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ပြီး ရာသီဥတု ဖောက်ပြန်မှုများကိုလည်း လျော့ပါးလာစေမည် ဖြစ်ကြောင်း။

လမ်းဘေးဝဲယာ၌ စိမ်းလန်းစိုပြေရေးအတွက် လမ်းဧရိယာ၌ အရိပ်ရလေကာပင်များအား စိုက်ပျိုးသွားရန်နှင့် ၅ ဧက၊ ၁၀ ဧက စသည့် သစ်တောငယ်များ တည်ထောင်နိုင်ရန် လမ်းညွှန် မှာကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုမင်းဘူးဒေသမှ ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့ဒေသစိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိုးရာသီကာလ အတွင်း ရှင်သန်ဖြစ်ထွန်းစေရေး စတင်စိုက်ပျိုးစဉ်ကပင် စနစ်တကျစိုက်ပျိုးရန်နှင့် သစ်တော သစ်ပင်များ ထိန်းသိမ်းကြသူများအနေဖြင့်လည်း သစ်ပင်များ အမြစ်တွယ်ရှင်သန်စေရန်အတွက် စနစ်တကျဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုစိုက်ပျိုးခဲ့သည့်အကျိုးကို နောင်အနာဂတ် မျိုးဆက်သစ်များက ခံစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏အနာဂတ် မျိုးဆက်သစ်များအတွက် အမွေကောင်းများပေးအပ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းသည်မိမိတို့ ဒေသအတွက်ကောင်းမွန်သည့် မင်္ဂလာရှိသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် တက်ရောက် စိုက်ပျိုးကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က တမာပျိုးပင်အား သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မကွေး ခရိုင်အတွင်းရှိ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူ များသည် ပျိုးပင်များကို တစ်ပြိုင်တည်းစိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့်ပြုလုပ်သည့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊ မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက်စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။