နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၂၆
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား သင်တန်းများဖွင့်လှစ်သင်ကြားပေးနေမှုနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments