နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။
တပ်မတော်(လေ)၏ အခန်းကဏ္ဍ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် တပ်မတော်(ကြည်း)တစ်ခုတည်းသာမက တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့၏ အင်အားနှင့်စွမ်းပကားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့ပြီး ခေတ်စနစ်နှင့်လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေးထားကြောင်း၊ အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိမိတို့နိုင်ငံအနေဖြင့် ဂျက်တိုက်လေယာဉ်များကို စတင်အသုံးပြုနိုင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ လေယာဉ်၊ရဟတ်ယာဉ်များသာမက လေကြောင်းဆိုင်ရာကျွမ်းကျင်သူအရာရှိ၊စစ်သည်များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်လျက်ရှိပြီး အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူပျံသန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း။ တပ်မတော်(လေ)အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေးနှင့်အရေးကြီးစစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူပေးတာဝန်များကို ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး မြေပြင်တပ်ဖွဲ့ဝင်များအတွက် များစွာအထောက်အကူပြုပေးနေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း တပ်မတော်(လေ) ကိုအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်များကိုသာမက လိုအပ်သည့် စက်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေးမူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်းများကိုစနစ်တကျဆောင်ရွက်နေရန်လိုပြီး တစ်ဦးချင်း၏ စွမ်းရည်နှင့်စိတ်ဓာတ်များ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း။
အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍ
တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်းများ ခန့်အပ်တာဝန်ပေးအပ်ထမ်းဆောင်လျက်ရှိသည်မှာ ရှေးယခင်ကတည်းကပင် ရှိခဲ့ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကြားကာလအချိန်များတွင် ဆေးဝန်ထမ်းတပ်ဖွဲ့များမှအပ အခြားအမျိုးသမီးစစ်မှုထမ်းများကို တာဝန်ပေးအပ်နိုင်မှု မရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၌ တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီး၌ အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်လျက်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အခြားအဆင့်အမျိုးသမီးစစ်မှုထမ်းများကိုလည်း ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကို ဆက်လက် ခန့်အပ်ပေးလျက်ရှိကြောင်း။
အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြသူများသည် တက္ကသိုလ်များ၌ဘွဲ့ရပြီးကြသူများဖြစ်၍ တက္ကသိုလ်ပတ်ဝန်းကျင် လူမှုဆက်ဆံရေး အတွေ့အကြုံများစွာရှိထားပြီးသူများဖြစ်ကြောင်း၊ အသက်အရွယ်အားဖြင့်လည်း မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အရွယ်များသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများဖြစ်သဖြင့် ခံယူချက်များ အခြေခံအားဖြင့်ကောင်းမွန်ပြီးဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ရေးကာလအတွင်း ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိစေရေး စနစ်တကျလေ့ကျင့်သွားရန်လိုကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ပေးသည့် လေ့ကျင့်ရေးဆိုင်ရာများကို ကြံ့ခိုင်သည့်စိတ်ဓာတ်ဖြင့် လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှသာ လေ့ကျင့်ရေးများအောင်မြင်မည်ဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို သင်ကြားပေးခြင်းသည် တိုက်ပွဲဝင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များကို သင်တန်းကျောင်းတွင်သာမကဘဲ တာဝန်ထမ်းဆောင်ချိန်များ၌လည်း ပြန်လည်လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် သင်တန်းကာလအတိုင်းအတာတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နေ့စဉ်ဆောင်ရွက်ရသည့် လေ့ကျင့်ရေးများမှ စနစ်တကျဆောင်ရွက်တတ်သည့် ကောင်းမွန်သည့်အကျင့် များကိုရရှိလာပြီဖြစ်ကြောင်း၊ မိမိကိုယ်ကိုတာဝန်ယူ၍ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းသည် ကောင်းမွန်သည့်အကျင့်ပင်ဖြစ်ပြီး စနစ်တကျဖြင့်လုပ်ကိုင်နေထိုင်စားသောက်ပြုမူခြင်းသည် တပ်မတော်၏ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများပင်ဖြစ်ကြောင်း။
ဗိုလ်လောင်းသင်တန်းပြီးဆုံး၍ ကျရာတာဝန်များကို ထမ်းဆောင်ရာတွင်လည်း တစ်ဦးချင်းတစ်ယောက်ချင်းအလိုက်အသိစိတ်ဖြင့် အရာရှိကောင်းများဖြစ်အောင် ထိန်း သိမ်းနေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အတွက် အကျိုးဖြစ်စေမည့် စာပေအသိပညာဖတ်ရှုလေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ်ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ဖတ်မှတ်ထားသည်များကို အသုံးချခြင်းနှင့်မျှဝေပေးခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်းများမှတစ်ဆင့် အသိပညာများပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်နှင့်တပ်မတော်မှအားကိုးအားထားရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိ၍ တာဝန်များကို ဂုဏ်ယူစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်ကြရန်
တပ်မတော်သို့ ဝင်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာကြသူများဖြစ်သဖြင့် အခြေခံအားဖြင့် စိတ်ဓာတ်ကောင်းမွန်ပြီးဖြစ်ကြောင်း၊ တပ်မတော်သို့ဝင်ရောက်လာကြသူများသည် တပ်မတော်သားများ၏ သစ္စာလေးချက်တွင် အမြင့်ဆုံးသစ္စာဆိုချက်ဖြစ်သည့် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” ဆိုသည့်သစ္စာဆိုချက်အတိုင်း စောင့်ထိန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အပေါ်သစ္စာဆိုထားသည့် တပ်မတော်သားတစ်ဦးချင်းစီအနေဖြင့် မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ်သစ္စာရှိရမည်ဖြစ်ပြီး ခံယူချက်ကောင်းရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စိတ်ဓာတ် ၊ သစ္စာရှိမှုများဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြစေလိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်စွန့်၍ တာဝန်ထမ်းဆောင်ရန် သစ္စာဆိုတိုင်တည်ထားသည့်အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံတော်အတွက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားတစ်ဦးချင်းစီအနေဖြင့် မိမိတို့ကိုယ်ကို ဂုဏ်ယူ၍ တာဝန်ကိုထမ်းဆောင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ ထို့ပြင် တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုပြီး နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။
လေ့ကျင့်ရေးကို အလေးထားဆောင်ရွက်ရန်လို
တပ်မတော်(လေ)မှ ပျံသန်းရေးတာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသက်နှင့်ရင်း၍တာဝန်ထမ်းဆောင်ရခြင်းဖြစ်သဖြင့် အမှားခံ၍ ရမည်မဟုတ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦးချင်း၏ အရည်အချင်းများ တိုးတက်မှုရှိစေရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ရန်နှင့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်နှင့် တိတိကျကျ Check ၊ Recheck ၊ Counter check များဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့ ဆောင်ရွက်နေရသည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်း အရည်အချင်းများပြည့်ဝပြီး တာဝန်ထမ်းဆောင်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လေ့ကျင့်သား ပြည့်ဝနေမှသာလျင် မိမိကိုယ်ကိုနှင့် မိမိလက်နက်အပေါ် ယုံကြည်စိတ်မြင့်မားမည်ဖြစ်ကာ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းတာဝန်များကို အောင်မြင်စွာဖြင့် ထူးချွန်စွာ ဆောင်ရွက်နိုင်မည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့်တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့် စိတ်ဓာတ်မြင့်မားရေး
သက်သာချောင်ချိရေးနှင့်ပတ်သက်၍လည်း တပ်မတော်အနေဖြင့် တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အုပ်ချုပ်သူအဆင့်ဆင့်မှလည်း မိမိတို့တပ်ဖွဲ့များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာ ကြံ့ခိုင်မှုရှိစေရေး၊အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်စေရေးအတွက် အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်း၊ အသိပညာဗဟုသုတနှင့် ခံယူချက်ကောင်းများ ရရှိစေရေးအတွက် ဟောပြောဆွေးနွေးပွဲများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီနှင့်၎င်းတို့၏ မိသားစုဝင်များ၏ လူမှုရေးအခက်အခဲ၊ အကြပ်အတည်းများကိုလည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ ကူညီဖြေရှင်းဆောင် ရွက်ပေးရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းအလိုက် စိတ်ဓာတ်နှင့်ခံယူချက်များ ကောင်းမွန်မည်ဆိုပါက တပ်၏အရည်အချင်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရှိတပ်ဖွဲ့ဝင်များအားလုံး အရည်အချင်းပြည့်ဝအောင် ဆောင်ရွက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးစွမ်းအားသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများ၊ အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှသင်တန်းသူများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)သို့ ရောက်ရှိစဉ် ကျောင်းအုပ်ကြီးက တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းများ ဖွင့်လှစ်သင်ကြား မွေးထုတ် ပေးလျက်ရှိသည့်အခြေအနေများ၊အမျိုးသမီးအရာရှိများအား တပ်စုမှူးသင်တန်း၊ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် လေ့ကျင့်ရေးတာဝန်များ ထမ်းဆောင်နိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းများတွင်လေ့ကျင့်ပေးရမည့်ပညာရပ်များကို အမှန်တကယ် တတ်မြောက်အောင် အပြည့်အဝလေ့ကျင့်သင်ကြားပေးရန်နှင့် အခြားလေ့ကျင့်ရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ်အတွင်းရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments