နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်
နေပြည်တော်၊ စက်တင်ဘာ - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်နှင့် ယနေ့တို့တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) စစ်လက်ရုံးရွေးချယ်ပွဲနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) စစ်လက်ရုံးရွေးချယ်ပွဲတို့သို့ သီးခြားစီ တက်ရောက် စိစစ်ရွေးချယ်သည်။
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာတို့တွင် ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် သင်တန်းကာလတစ်လျှောက် ကြိုးစားအားထုတ်မှု ရလဒ်များအပေါ်မူတည်၍ ၎င်းတို့နှင့်သင့်လျော်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာတို့၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးသည်။
စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံ၏ လိုအပ်ချက်များအား မေးမြန်း၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအတွက် နေ့လယ်စာအာဟာရနှင့် ဆေးရုံအတွက် အလှူငွေများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။ ထို့နောက် သားဖွားမီးယပ်နှင့် ကလေးကုသဆောင်ရှိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိပြီး သားဖွားမီးယပ်နှင့် ကလေးကုသဆောင်ရှိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် နေ့လယ်စာအာဟာရနှင့် ဆေးရုံအတွက် လှူဒါန်းငွေများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့ကြောင်းနှင့် အာဟာရဌာနခွဲ၌ အရာရှိ၊ စစ်သည်များ၏ နေ့လယ်စာအာဟာရ သုံးဆောင်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments