နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။
ဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် လမ်းတံတားများလုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့် အခြားမြို့များအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက် သမားများထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် PDF အမည်ခံအကြမ်းဖက်သမားများ အလင်း ဝင်ရောက်လာမှု၊ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်ပတ်သက်သည့် သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်း ရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများ မရှိအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ အလားတူ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခင်ကတည်းကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော်၊ တပ်မတော်နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ဒေသများအတွင်း၌ လည်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် MNDAA လက်နက် ကိုင် သောင်းကျန်းသူအဖွဲ့ ၊ TNLA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ဆက်နွယ်နေသူများအနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း။
ပြည်သူများနှင့် ထိတွေ့ ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့်လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများ အတွက် ကောင်းမွန်သောပြည်သူ့ရေးရာဝန်ဆောင်မှု ဖြစ်စေရန်နှင့်ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့လိုက်ပါ၍ အောင်ပန်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက် ၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကား ပြောကြားပြီး အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံအတွင်း မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းတည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments