နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
နေပြည်တော် မတ် ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Radisson Collection ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားသည့်အချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒူးမားလွှတ်တော်သို့ မြန်မာနိုင်ငံမှလေ့လာရေးအဖွဲ့များ စေလွှတ်၍ အတွေ့အကြုံများ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲ H.E.Mr. Batu KHASIKOV နှင့်အဖွဲ့ဝင်များက လာရောက်ဂါရဝပြု တွေ့ဆုံနှုတ်ဆက်၍ ကာမီးကီယာပြည်နယ်ရှိ ဗုဒ္ဓဥယျာဉ်အတွင်း မြန်မာနိုင်ငံမှ စေတီတော် (သို့မဟုတ်) ဗုဒ္ဓရုပ်ပွားတော် လာရောက် တည်ထားကိုးကွယ်စေလိုမှု၊ မြန်မာနိုင်ငံမှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ကာမီးကီယာပြည်နယ်သို့ လာရောက်လေ့လာစေလိုမှုများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments