Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊     နိုဝင်ဘာ   

မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူ မျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများ မှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဟိန္ဒူအသင်းအဖွဲ့ ပြခန်းများ၊ ဟိန္ဒူမျိုးနွယ်စုပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီ အထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြု ဆင်မြန်းပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် ဒီပါဝလီနေ့နှင့် ဆီမီးထွန်းညှိခြင်းတို့နှင့် ပတ်သက်၍ အခမ်းအနားမှူးက ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တစ်ကိုယ်တော်အကဖြင့် ဖျော်ဖြေမှု၊ Ganesha ဓမ္မတေးဖြင့် ပူဇော်မှု၊ ဆီမီးခွက် အကဖြင့် ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ရိုးရာ မီးထွန်းပွဲတော်ဖြစ်ပြီး “ဒီပ” ဟူသည့် မီးအလင်းရောင်နှင့် “အာဝလိ” ဟူသည့် စီတန်းခြင်း ဟူသော အဓိပ္ပာယ်တို့ကို ပေါင်းစပ်၍ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိ ပူဇော်ခြင်း အဓိပ္ပာယ်ရသည်ဟု သိရှိရပါကြောင်း၊ ထိုသို့ ဆီမီးပူဇော်ခြင်းအားဖြင့် အလင်းမှ အမှောင်ကို ခွင်းနိုင်သကဲ့သို့ မကောင်းသည့် အခြေအနေဆိုးမှ ကောင်းခြင်းတရားများ ရောက်ရှိလာစေရန်၊ မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွန်းလာစေရန် ဟူသည့် ယုံကြည်ချက်များဖြင့် ယခုကဲ့သို့ ဆီမီးပူဇော်ကြသည်ဟု သိရပါကြောင်း၊ စာပေ၌ “အမှောင်ခွင်း၍  အလင်းဆောင်အံ့” ဟုဆိုကြပြီး အလင်းရောင်သည် လူသားတို့အားလုံးအတွက် ကောင်းကျိုးဖြစ်စေမည့် အဓိက ခွန်အား၊ စွမ်းအားဖြစ်ကာ အလွန်ပင် အဓိပ္ပာယ်ရှိပါကြောင်း၊ ထို့ကြောင့် ဟိန္ဒူဘာသာဝင်များအနေဖြင့် ယခုကဲ့သို့ ပွဲတော်ကျင်းပသည့် အခါသမယတွင် ရိုးရာဓလေ့ ထုံးတမ်းများနှင့်အညီ ဘုရားကျောင်းများ၊ မိမိတို့၏ နေအိမ်များတွင် ဆီမီးများကို လှပစွာ ထွန်းညှိပူဇော်ကြခြင်းသည် ဘဝ၏ တိုးတက်မှုခွန်အားများကို အားလုံးရစေမည်ဟု ယုံကြည်ပါကြောင်း။

ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနားသည်လည်း ယခင်နှစ်များနှင့်မတူဘဲ  မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေး အဖွဲ့အစည်းများ အပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသော ဘာသာဝင်များ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်း ဖြစ်ကြောင်း၊ ယင်းသည် မိမိတို့နိုင်ငံအတွင်း၌ ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဟိန္ဒူ ဘာသာဝင်များအားလုံး စုစုစည်းစည်း ပါဝင်ဆင်နွှဲခြင်းသည် မှတ်တိုင်တစ်ခုဖြစ်သည့် အတွက် မိမိအနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းကို ပြောကြားလိုပါကြောင်း။

မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွ ကြီးပြင်းလာကြသူများ ဖြစ်ကြသည်မှာ တူညီသည့် အတွက် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများက တစ်ဆင့် မြန်မာနိုင်ငံ၏  အကျိုးကို ဝိုင်းဝန်း သယ်ပိုးသွားကြစေလိုကြောင်း၊ သို့သော်လည်း ယနေ့အချိန်တွင် မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် လှုံ့ဆော်မှုအမျိုးမျိုးကို အခြေခံ နေတာတွေ့ရကြောင်း၊ ယင်းသို့ သွေးထိုး လှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်များကို မိုက်မဲစွာ ကျူးလွန်နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲနေပါက သွေးထိုးခံ‌နေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ပင် ဖြစ်ပါစေ မြန်မာနိုင်ငံကို ချစ်သည့်စိတ်၊ ပြည်‌ထောင်စုစိတ်ဓာတ်မွေးပြီးနေကြရန် လိုကြောင်း၊ ယနေ့အချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး မိမိတို့ အားလုံးသွားလိုသည့် လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုကြောင်း။

မိမိတို့နိုင်ငံတွင် မတူညီမှုများ ကွဲပြားမှုများရှိနေသည် မှန်သော်လည်း အဆိုပါ မတူကွဲပြားမှုများကို စုစုစည်းစည်းရုံးနိုင်ခြင်းကသာ အင်အားကို ဖြစ်စေပါကြောင်း၊ ထိုကဲ့သို့ စုစည်းသည့်အင်အား ရရှိစေရေး မိမိကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိအနေဖြင့် မြန်မာပြည်ဖွား အိန္ဒိယလူမျိုးစု အဖွဲ့အစည်းများ၊ တရုတ် လူမျိုးစု အဖွဲ့အစည်းများနှင့် မိမိ၏ကိုယ်စားလှယ်များ တွေ့ဆုံစေခဲ့ကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် အပြင် ၎င်းတို့၏သုံးသပ်ချက်များအပေါ် အဖြေရှာဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သမျှ အားပေးကူညီနေသည်ကိုလည်း အားလုံးက  မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း ဒီပါဝလီပွဲတော် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သူများ အားလုံးနှင့်အတူ စည်းလုံးမှု၊ စုစည်းမှုအားကို မြင်တွေ့ရသည့်နေ့ပင် ဖြစ်ပါကြောင်း၊ မိမိတို့ ယခုထက်ပိုခိုင်မြဲအောင် ဆက်လက်တည်ဆောက်သွားကြရန် လိုပါကြောင်း။

ထို့ကြောင့် ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်များ၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီး ထွန်းညှိပူဇော်ခြင်း ပွဲတော်ကာလမှစပြီး မိမိတို့နိုင်ငံသားအားလုံးက တစ်ဦးအပေါ် တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည် ခွင့်လွှတ်မှုများ မျှဝေပေးပြီး နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်းစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှတ်တရစကား ပြောကြားပြီး ဒီပါဝလီအထိမ်းအမှတ် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး တို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။