Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၄၂)ကြိမ် မြောက် အာဆီယံရဲအဖွဲ့ ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင် ဒါရိုက်တာတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့် အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နိုင်ငံအလိုက် ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများ မှောင်ခို ရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲချုပ်က အာဆီယံရဲအဖွဲ့ညီလာခံများ ကျင်းပပြုလုပ်ခဲ့မှု၊ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကျင်းပခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင် ဒါရိုက်တာတို့က နိုင်ငံအလိုက် တစ်ဦးချင်းမိတ်ဆက်ကြပြီး (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံ ကျင်းပနေသည့် ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဧည့်ဝတ် ကျေပွန်စွာဖြင့် စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေများ၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအချင်းချင်း လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း နယ်ပယ်များတွင် ပူးပေါင်းတားဆီးနှိမ်နင်းရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင် ဒါရိုက်တာတို့သည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။