နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ ရထားလမ်းပိုင်းများနှင့် စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာ-သာစည် ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုသည်။ ထို့နောက် သာစည်ဘူတာသို့ ရောက်ရှိကြပြီး သာစည်ဘူတာမှတစ်ဆင့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်နေရာသို့ မီးရထားစီးနင်း၍ သွားရောက်ခဲ့ပြီး မီးရထားလမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ရေအလုံးအရင်းဖြင့် ဝင်ရောက်တိုက်စားမှုများကြောင့် စိုက်ဧကများနှင့် မီးရထားလမ်းပိုင်းတစ်လျှောက် အချို့နေရာများတွင် ထိခိုက်ပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ရေအလုံးအရင်းဖြင့် မြင့်တက်တိုက်စားခဲ့မှုကြောင့် တံတားအမှတ် ၆၉၁(အဆန်)၏ ရန်ကုန်ဘက်ခြမ်းတံတား ချဉ်းကပ်တာဘောင် ရေတိုက်စားပျက်စီးခဲ့မှုအား ရထားလမ်းဖြုတ်သိမ်း၍ စက်ယာဉ်ယန္တရားများဖြင့် တာဘောင်မြေဖို့ ပြုပြင်ဆောင်ရွက်ခြင်းနှင့် သံလမ်းပြန်လည်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တံတားအမှတ် ၆၉၁(အစုန်)၏ သံဘောင် ၄ ခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် ၃ ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey တံတား (၉၀) ပေထိုး၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ နေရာရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရေစီးအားကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးစဉ် ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်းရထားလမ်းရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် လမ်းပိုင်းပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုထိခိုက်ပျက်စီးခဲ့မှုများကိုကြည့်၍ ရေအလုံးအရင်းဖြင့် စီးဆင်းမှုအား မည်မျှပြင်းထန်မည်ကို ခန့်မှန်း၍ရနိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ရှမ်းကုန်းပြင်မြင့်ဘက်မှ စီးဆင်းလာခဲ့သည့် ရေစီးကြောင်းများနှင့် ၎င်းရေစီးကြောင်းများနှင့်အတူ မျောပါလာသည့် သစ်လုံးသစ်တုံးများ၊ နှုန်းအနည်အနှစ်များကြောင့်လည်း ရေစီးဆင်းရာလမ်းကြောင်း တစ်လျှောက်ထိခိုက်ပျက်စီးမှု ပိုမိုများပြားခဲ့ရခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေးဆောင်ရွက်သွားရန် လိုပြီး နောင်အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါက ခံနိုင်ရည်ရှိစေရေးအတွက် စနစ်တကျ သုတေသနပြုတွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်မည့် ရထားလမ်းပိုင်းနေရာများနှင့် အသစ်တည်ဆောက်မည့် ရထားလမ်းပိုင်းနေရာများ၌ ရေဝင်ရေထွက် ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန် လိုသကဲ့သို့ တံတားနေရာများ၌ အရှိန်အဟုန်ဖြင့် စီးဆင်းလာမည့် ရေစီးကြောင်းအရှိန်ကို ထိန်းနိုင်မည့် ကျောက်စီနံရံများဆောင်ရွက်ခြင်း၊ ချောင်းဖြောင့်ခြင်းတို့ကိုလည်း ထည့်သွင်းဆောင်ရွက်သွားရန် လိုကြောင်း၊ အဆက်အသွယ် ပြတ်တောက်မှု မရှိစေရေး ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အချိန်မီပြီးစီးအောင် စီမံဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တံတားအမှတ် ၆၉၁(အစုန်) ၏ သံဘောင် ၄ ခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် ၃ ရေစီးအားဖြင့် မျောပါ ပျက်စီးခဲ့မှုအား Triple Double Bailey တံတား(၉၀) ပေ ထိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးရထားလမ်း ပြုပြင်နေသည့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါတံတား ပြုပြင်နေမှုနေရာမှ သဲတောဘူတာအထိ ရထားစီးနင်းလိုက်ပါခဲ့ပြီး သဲတောဘူတာသို့ ရောက်ရှိပြီးနောက် သဲတော-ဝမ်းတွင်း-မိတ္ထီလာ လမ်းကြောင်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကာ လမ်းကြောင်းတစ်လျှောက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments