နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှု၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသနေပြည်သူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် အားကစားရုံများ၊ လေ့ကျင့်ရေး ကွင်းများ အဆင့်မြှင့်တင် တည်ဆောက်ပေးထားမှုနှင့် အားကစားပွဲများ ကျင်းပလျက်ရှိမှု၊ စာကြည့်တိုက်များဖွင့်လှစ်ထားရှိမှုနှင့် တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ အကြမ်းဖက်သမားများ၏လုပ်ရပ်များကြောင့် ၎င်းတို့၏ နေရပ်အသီးသီးမှ ဘေးလွတ်ရာနေရာများသို့ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအားထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ယခုထက် လျင်မြန် ချောမွေ့စေရေးအတွက် လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို တင်ပြသည်။
တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြည်သူလူထုကို အခြေပြုသည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ တရားဥပဒေနှင့်အညီ ဖြစ်စေရေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဆင့်ဆင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှု၊ မိမိတို့ တာဝန်ယူရသည့်ဒေသများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ပပျောက်စေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန် လိုအပ်မှု၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိရန် လိုအပ်မှုများကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လမ်းတံတားများနှင့် အဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ရသည့် ပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုတို့ကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ပြည်သူလူထုများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆေးရုံ၊ ဆေးခန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆောင်ရွက်လျက် ရှိမှု၊ အခြေခံဆေးဝါးများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်သူ့ကျန်းမာရေးအတွက် ကုသရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင်ရွက်ပေးလျက်ရှိမှုများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုတိုးတက်စေရေး လမ်းများအဆင့်မြှင့်တင်ခြင်းကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတုကြောင့်ပျက်စီးခဲ့ရသည့် လမ်းနှင့် တံတားနေရာများကို ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုနှင့် တံတားအသစ်များ တည်ဆောက်လျက်ရှိမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေး ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးနေမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများနှင့် အပြန်အလှန် နှီးနှောဖလှယ်၍ တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် မွေးမြူရေးအစာများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာ၌ လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ဦးစွာပြောကြားလိုကြောင်းဖြင့် ပြောကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် အဆိုပါ မဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့မှု၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်မည့် စစ်ဘက်၊ အရပ်ဘက်မှ ပုဂ္ဂိုလ်များကို ရွေးချယ်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှု၊ စတင်တာဝန်ထမ်းဆောင်ခဲ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ထိန်းထိန်းသိမ်းသိမ်းဖြင့်သာဖြေရှင်းဆောင်ရွက်ခဲ့မှု၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရ အကြပ်အတည်းများဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရမှု၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ်စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက် ခိုလှုံနေကြရမှု၊ လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်း သူများ အနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် စည်းလုံးသောအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် စီးပွားရေးနှင့်ပတ်သက်၍ စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိပြီး စီးပွားရေးကောင်းမွန်မှသာလျှင် နိုင်ငံရေးလည်း ကောင်းမွန်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ အားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်များတွင် ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပမှ တင်သွင်းရမှုများ များပြားခဲ့သဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခင်က ပြည်ပမှရရှိခဲ့သည့် ဝင်ငွေများကို ပြန်လည်စိစစ်ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ် သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပမှ ဝင်ငွေများရရှိရန်အတွက် နိုင်ငံတွင်းရှိ သယံဇာတများ ထုတ်ယူရောင်းချခြင်းနှင့် ကုန်သွယ်မှုရရှိငွေများဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူ ဆောင်ရွက်ချိန်တွင် သယံဇာတပစ္စည်းများ တတ်နိုင်သမျှတင်ပို့ခြင်းမရှိခဲ့ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့်ထွက်ကုန်များကို အဓိက ပိုမိုတင်ပို့ခဲ့ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများကို များစွာ သုံးစွဲကုန်ကျရလျက်ရှိကြောင်း၊ စားသုံးဆီနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ဆီထွက်သီးနှံစိုက်ပျိုးသည့်နိုင်ငံဖြစ်ပြီး မြေပဲနှင့် နှမ်းကို အဓိက စိုက်ပျိုးကြပြီး အခြားဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ သို့သော်လည်း ဆီထွက်သီးနှံများကို ဆီအဖြစ် ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနှင့် တိုက်ရိုက်စားကုန်များအဖြစ် စားသုံးခြင်းများကြောင့် ဒေသတွင်း စားသုံးဆီလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ၊ ပို့ကုန်ပစ္စည်းများ တိုးမြှင့်ရရှိရေးဆောင်ရွက်ရာတွင် အခြားပြည်ပနိုင်ငံများမှ ဆောင်ရွက်နေသည့် ခေတ်မီနည်းစနစ်များနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အတုယူဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ပြည်ပနိုင်ငံများတင်ပို့နိုင်မည့် ပထဝီဝင်မြေ အနေအထားကို ပိုင်ဆိုင်ထားရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် နိုင်ငံ့စီးပွားရေး ကောင်းမွန်လာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ပေးရန်လိုပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် ဝင်ငွေများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ ရှမ်းပြည်နယ်ဒေသအတွင်း သစ်ဝါးများ ပေါများစွာရှိကြောင်း၊ ထို့ကြောင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်သည့်အခွင့်အလမ်းများရှိပြီး သစ်နှင့် ဝါးကို အခြေခံသည့်ပျော့ဖတ်များ၊ တန်ဖိုးမြှင့်ပစ္စည်းများကို ထုတ်လုပ်နိုင်ကြောင်း၊ တစ်ဖက်တွင်လည်း သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ အခြားတွင်းထွက်ပစ္စည်းများဖြစ်သည့် ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ပိုင်ဆိုင်ထားကြောင်း။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရေး
ထိုကဲ့သို့ ပြည်တွင်း ကုန်ထုတ်လုပ်မှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရန်လည်း လိုသဖြင့် ပညာရေးကိုအားပေးဆောင်ရွက်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အချို့ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များသည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ပိတ်ထားရကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်အားလုံး အနည်းဆုံး KG + 9 အဆင့်အထိ တက်ရောက်အောင်မြင်ရန် လိုကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့်အထိ သင်ယူပြီးပါက ဘဝတိုးတက်ရေးအတွက်လိုအပ်သည့် အတတ်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကိုလည်း အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ ပညာတတ်များဖြစ်မှသာ ၎င်းတို့၏အနာဂတ် တိုးတက်ကောင်းမွန်မည်ဖြစ်သကဲ့သို့ အတွေးအခေါ်များ ကောင်းမွန်လာပြီး စဉ်းစားဆင်ခြင်တုံတရားများလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ယခင်က အတန်းပညာ အားနည်းခဲ့သူများ ဗဟုသုတနှင့် အသိပညာများ ရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် စာကြည်တိုက်များကို တိုးချဲ့ဖွင့်လှစ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာမြင့်မားရေးသည် နိုင်ငံတိုးတက်ရေးပင် ဖြစ်သဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထို့ပြင် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်တည်ဆောက်ကြမည့် အနာဂတ် လူသားအရင်းအမြစ်များအနေဖြင့် စည်းကမ်းစနစ်တကျရှိသည့် လူငယ်များဖြစ်ရန်လည်း လိုကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများကို ဦးစွာ ခံယူခဲ့ရသူများဖြစ်ကြောင်း၊ ငယ်စဉ်က အတန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြသူများမှာ စည်းကမ်းစနစ်တကျဖြင့် နေထိုင်တတ်သူများဖြစ်သကဲ့သို့ ပညာကိုလည်း တတ်မြောက်အောင်မြင်နိုင်ကြသူများဖြစ်ကြောင်း၊ ဥပဒေ၏ အခြေခံမှာ စည်းကမ်းပင် ဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်များ ရရှိစေရေး ပညာပေးမှုများနှင့် ထိန်းကြောင်းမှုများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် စည်းကမ်းစနစ်ကျနသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းကို ပုံဖော်ပေးရန်လိုပြီး ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်ရေး တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ KG+11 နှင့် KG+12 တို့ရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဥပဒေဆိုင်ရာအခြေခံများကို သိရှိနိုင်ရေး ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို သင်ကြားပို့ချပေးသွားရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း။
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း ဆေးရုံများ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆေးရုံများအားလုံးတွင် ဆရာဝန်များရှိစေရေးဆောင်ရွက်ပေးထားကြောင်း၊ ဆေးရုံသုံးပစ္စည်းများ လုံလောက်စွာရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည် ဖြစ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ဆက်စပ်၍ အားကစားကဏ္ဍ တိုးတက်မှုရှိစေရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ပြည်သူ့လုံခြုံရေး
လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွက် ကောင်းရာကောင်းကျိုး ဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများတစ်ဦးချင်းနှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ လုံခြုံရေးအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက လုံခြုံရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံကောင်းအောင်ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ကို ပေးအပ်ထားသည့် တာဝန်များထမ်းဆောင်ရာတွင် ချမှတ်ထားသည့် ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန် လိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများမှတစ်ဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအားသွားရောက်ဖူးမြော်ကြည်ညို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
၎င်းနောက် စေတီတော်မြတ်ကြီးပေါ်ရှိ ရှုခင်းသာ View Point မှတစ်ဆင့် တောင်ကြီးမြို့၏ ရှုခင်းများကိုကြည့်ရှုကာ တောင်ကြီးမြို့ရှိ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments