Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား Regulating Course Mix Design ဖြင့် ပြန်လည် အဆင့်မြှင့်တင်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ ဇွန် - ၄

 

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင် ပြုပြင်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦး နှင့်တာဝန်ရှိသူများက ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့်လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ ကွန်ကရစ်လမ်းပျက်စီးမှုအား စက်ယန္တရားများအသုံးပြု၍ ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုလမ်းပိုင်းပြင်ဆင်ခြင်းလုပ်ငန်းအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ကောင်းမွန်ရေး၊ သတ်မှတ်အချိုးအစားများ ပြည့်မီမှုရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းသားညီညာမှုရှိစေရေးနှင့် သိပ်သည်းမှုရှိစေရေး လမ်းကြိတ်စက်များအား သတ်မှတ်မောင်းနှင်ရမည့် နှုန်းထားအတိုင်း မောင်းနှင်ဆောင်ရွက်စေရန်၊ လမ်းမျက်နှာပြင်ညီညာမှုရှိစေရေး၊ လမ်းပေါ်၌ရေတင်မှုမရှိစေရေးနှင့် ရေဆင်းမှန်ကန်မှုရှိစေရေး သတ်မှတ်နည်းစနစ်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းလယ်ကျွန်းရှိ လမ်းကွေ့ နေရာများ၌လည်း ညီညာမှုရှိစေရေး၊ လမ်းခင်းခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့်လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ လမ်းပိုင်းနေရာသည် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆိုးရွားစွာပျက်စီးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီး မကြာမီအချိန်ပိုင်းအတွင်း ထိခိုက်ပျက်စီးမှုများအား သွားရောက်စစ်ဆေးခဲ့သည့် နေရာလည်းဖြစ်ကြောင်း၊ ထိုသို့သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အင်ဂျင်နီယာများနှင့် ဆွေးနွေးတိုင်ပင်မှုများအရ လမ်းပိုင်းပြုပြင်မှုများဆောင်ရွက်ရာတွင် နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထိုသို့လမ်းညွှန်မှာကြားချက်အရ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို Regulating Course Mix Design ဖြင့် ဆောင်ရွက်နိုင်ရန် မူလနိုင်လွန်ကတ္တရာ Mix Design မှ ကတ္တရာပါဝင်မှုနှုန်းနှင့် ဘိလပ်မြေပါဝင်မှုတို့ကို လျှော့ချ၍ Design စမ်းသပ်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ Design ပြုလုပ်ထားသည့် အချိုးအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာန နိုင်လွန်ကတ္တရာ Lab ခန်းတွင် နမူနာ Mould ၂ တုံး ပြုလုပ်၍ Marshall Testing Machine စက်ဖြင့် stability နှင့် Flow အား စမ်းသပ်ခဲ့ရာ သတ်မှတ်စံနှုန်းများအတွင်း ရရှိစမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း၊ ထိုကဲ့သို့ အဆင့်ဆင့် စမ်းသပ်ခဲ့ပြီး နောက် ယခုလမ်းပိုင်းအား Regulating Course Mix Design ဖြင့် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပြီး Regulating Course Mix Design ဖြင့် လမ်းလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ၂ လက်မထု၊ ၁၂ ပေ အကျယ်၊ ၅၂၈၀ ပေ (၁မိုင်) လျင် ဘိလပ်မြေ ၁၈ ဒသမ ၄၄ တန်(၃၆၈) အိတ်နှင့် ကတ္တရာ ၆ ဒသမ ၁၅ တန် (၃၃ ပေပါ) သက်သာမည်ဖြစ်ကြောင်း သတင်းရရှိသည်။