Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော်၊ ဇူလိုင် - ၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ရာသီဥတုမျှတစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ဂေဟစနစ် ကောင်းမွန်စေရန်၊ နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်အမွေအနှစ်ကောင်းများ ပေးစွမ်းနိုင်စေရန်နှင့် သစ်ပင်သစ်တောများ၏ စစ်မှန်သည့်တန်ဖိုးကို သိရှိနားလည်ပြီး သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် လူတိုင်း ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး နှစ်စဉ်မိုးရာသီကာလများတွင် သစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံတော်က ဦးစီးဦးဆောင်လုပ်ပြီး နိုင်ငံနှင့်တစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယနေ့ပြုလုပ်သည့် ၂၀၂၅ ခုနှစ်အတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရာသီအလိုက် ရောင်စုံပန်းများ ဖူးပွင့်သည့် သစ်မျိုး(၁၈)မျိုး၊ သစ်ပင်ပေါင်း (၃,၀၀၀) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ (၁၅)ရက်တွင်လည်း ရန်အောင်မြင်ကြိုးဝိုင်းအတွင်း၌ ပထမအကြိမ်အဖြစ် သစ်မျိုး (၁၆) မျိုး၊ သစ်ပင်ပေါင်း (၃,၀၀၀) ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း။

 

သစ်ပင်များသည် ကမ္ဘာမြေကြီးနှင့်လူသားများအတွက်များပြားလှသည့် အကျိုးကျေးဇူးများကို ပေးစွမ်းလျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ သုတေသနပညာရှင်များ၏ လေ့လာမှုအရ သစ်ပင်များရှိသည့် စိမ်းလန်းစိုပြည်နေသည့် ပတ်ဝန်းကျင်တို့သည် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေနိုင်သည်ဟုဆိုကြောင်း၊ သစ်ပင်များနှင့်ပြည့်နေသည့်ပန်းခြံများ၊ လမ်းမများ၊ ကျေးလက်နှင့်မြို့ပြများသည် လမ်းလျှောက်ရန်၊ အပန်းဖြေရန်၊ အရိပ်ရရန် တို့အပြင် အေးချမ်းသည့်သဘာဝအလှနှင့် ထိတွေ့ခြင်းအားဖြင့် လူသားများ၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ ဖြစ်ထွန်းစေကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်များအတွက် အလွန်အရေးကြီးပြီး အကျိုးကျေးဇူးကြီးမားစေသည့် သဘာဝရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း။

 

သစ်ပင်စိုက်ပျိုးခြင်းဟူသည်မှာ ရိုးရှင်းသည့်သာမန်လုပ်ငန်းစဉ်တစ်ခုဖြစ်သော်လည်း ရေရှည်အတွက် ကြီးမားသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သစ်ပင်တစ်ပင် စိုက်ပျိုးလိုက်သည့်အခါ အဆိုပါသစ်ပင်ကြီး ရှင်သန်ကြီးထွားနေသမျှ ကာလပတ်လုံးရရှိလာသည့် အရိပ်အာဝါသ၊ သစ်သီးဝလံ၊ လတ်ဆတ်သည့်လေ၊ ရေ နှင့် မြေဆီလွှာကိုထိန်းသိမ်းပေးနိုင်မှု စသည့် အကျိုးကျေးဇူးများအားလုံးသည် စိုက်ပျိုးခဲ့သည့်သူအတွက် ကုသိုလ်များအဖြစ် အလိုလိုရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကုသိုလ်သည် တစ်ကြိမ်လုပ်ဆောင်ရုံဖြင့် နှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာအထိ အကျိုးဆက်များစွာ ပေးစွမ်းနေမည် ဖြစ်ကြောင်း။

 

ထို့အပြင် သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူကျောင်း ပြာသာဒ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသည့်ကုသိုလ်ကို ရရှိခံစားနိုင်ပြီး အသက်ရှည်ကျန်းမာသည့် ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်မည် ဖြစ်သည့် ထာဝရ ကုသိုလ်ပင်ဖြစ်ကြောင်း။

 

ယနေ့ကမ္ဘာ၌ လူဦးရေတိုးပွားလာခြင်းနှင့်အတူ သစ်တောပြုန်းတီးခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း စသည့် အကြောင်းအရင်းများကြောင့် အရေးပါလှသည့် ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်း၌ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး သဘာဝဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာမျိုးစုံကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည့်အခါ၌ သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများကဲ့သို့ ထိန်းသိမ်းကာကွယ်ရေးနယ်မြေများ သတ်မှတ်ခြင်းကို အဓိကအလေးပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။

 

မြန်မာနိုင်ငံ၏ အပူပိုင်းဒေသဟု သတ်မှတ်ထားသည့် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် အောက်ပိုင်းဒေသတို့သည် နိုင်ငံ၏စိုက်ပျိုးရေးအတွက် အရေးပါသည့်ဒေသဖြစ်ကြောင်း၊ ဒေသခံပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံကောင်းများရှိကြသည့် ဒေသများဖြစ်သော်လည်း မိုးခေါင်ရေရှားမှု၊ ပူပြင်းခြောက်သွေ့သည့်ရာသီဥတုနှင့် ရေရရှိမှုနည်းပါးခြင်းများကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်သစ်ပင်များ ရှင်သန်ကြီးထွားအောင်မြင်ရန် ခက်ခဲပါကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်၌ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အယ်လ်နီညိုအကျိုးသက်ရောက်မှုအရ ပြင်းထန်သည့် အပူချိန်မြင့်မားမှုဒဏ်ကို ခံစားခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။

 

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ၏ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးတို့ကို စီမံချက်များဖြင့် ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဧရိယာများ တိုးပွားလာစေရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးအတွက် လမ်းဘေးဝဲယာတို့တွင် သစ်ပင်စိုက်ပျိုးခြင်း၊ တစ်ရွာ(၂)ဧက ဖြင့် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်းအပါအဝင် (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်တင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း စသည့်  သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်နိုင်ရန် တောင်ကုန်း၊ တောင်ထိပ်များ၊ မြစ်ချောင်း၊ ဆည်တာတမံများ၏ ရေဝေရေလဲဧရိယာများ၊ ကမ်းရိုးတန်း ဒီရေတောများ၊ ဂေဟစနစ်များကိုလည်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအပါအဝင် ဂေဟစနစ်များထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများသည် အရေးကြီးဆုံးသောမောင်းနှင်အားဖြစ်ပြီး သဘာဝကို အခြေခံသည့် ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions) ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားပြီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

 

အလျဉ်းသင့်သဖြင့် နိုင်ငံတော်၏သစ်တောများ ရေရှည်တည်တံ့ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဧရိယာဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်သကဲ့သို့ ပထဝီဝင်နိုင်ငံရေး အခြေအနေအရသော်လည်းကောင်း၊ ဘူမိရူပ ထူးခြားတည်ရှိမှုအရသော်လည်းကောင်း၊ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ မြောက်ဘက် ရေခဲတောင်များမှစပြီး တောင်ဘက်ပင်လယ် ကမ်းရိုးတန်းနှင့် အဏ္ဏဝါကျွန်းစုဂေဟစနစ်အထိ နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံကို ပိုင်ဆိုင်သည့်နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း။

 

နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ ထူးခြားသည့်နေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် နိုင်ငံဧရိယာ၏ (၃၀)ရာခိုင်နှုန်း ကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းသွားရန် ရည်မှန်းချက်ဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူသည့်ကာလအတွင်း ယနေ့အထိ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော(၆၁)ခု၊ ဧရိယာ ဧက ၆ သိန်း ၆ သောင်းကျော်နှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ (၁၆) ခု၊ ဧရိယာဧက ၆ သိန်း ၁ သောင်းကျော်ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း၊ ယခုအချိန်ထိ ကြိုးဝိုင်း/ကြိုး ပြင် ကာကွယ်တော (၁,၃၂၄) ခု၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၆၂) ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်သဖြင့် ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 

လက်ရှိနိုင်ငံသားများနှင့် နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဆိုင်ရာ အမွေအနှစ်ကောင်းများပေးနိုင်ရန် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိ သစ်တောဖုံးလွှမ်းမှုများ တိုးတက်လာအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။

 

သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေတာဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှုတိုးပွားလာသည်နှင့်အမျှ ဂေဟ စနစ်ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် သစ်၊ ဝါး၊ ကြိမ် အစရှိသည့် သစ်တောထွက်ပစ္စည်းအမျိုးမျိုး ပိုမိုထုတ်လုပ်လာနိုင်ကာ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။

 

ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းကို နိုင်ငံတော်က အလေးအနက်ထားပြီး မူဝါဒ ချမှတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးကလည်း ရှိပြီးသား သစ်ပင်သစ်တောတွေကို ကာကွယ်ထိန်းသိမ်းပြီး မိမိတို့ အိမ်ခြံဝင်း၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ လမ်းဘေး ဝဲယာအသီးသီးတွင် အရိပ်ရပင်များ၊ လေကာပင်များ၊ ရာသီအလိုက်ဖူးပွင့်သည့် ပန်းပင်များ စသည်ဖြင့် စိုက်ပျိုးကြရန်နှင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်အောင်လည်း ပြုစုထိန်းသိမ်းကြရန် မှာကြားလိုကြောင်း။

 

နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြီး ကျန်းမာပျော်ရွှင်ရေးနှင့် သဘာဝဘေး အန္တရာယ် တစ်ချို့မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ Green City, Clean City, Smart City နှင့် Green Village များဖြစ်စေရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း၊ သစ်ပင်ပန်းမန်များသည် ပတ်ဝန်းကျင်စိမ်းစိုသာယာလှပမှုသာမက လူတိုင်း၏ရင်ကို အေးမြစေပြီး စိတ်လက်ပေါ့ပါးမှု၊ ပျော်ရွှင်ချမ်းမြေ့မှု၊ လန်းဆန်းတက်ကြွမှုနှင့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ ထိုသို့ ဖန်တီးပေးနိုင်သည်ကို ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်သည် နိုင်ငံချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်အတွက် သန္ဓေတည်ရာ မျိုးစေ့ဖြစ်လာမည်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့စေရန်အတွက် ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် စနစ်တကျဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယခုသစ်ပင်စိုက်ပျိုးပွဲတော်မှသည် နိုင်ငံတစ်ဝန်း ကျေးလက်မြို့ပြများအားလုံး စိမ်းလန်းစိုပြည်သာယာစေရန်၊ မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာမြေ ငြိမ်းချမ်းသာယာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

 

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန် ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။