နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် - ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့်ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ရောက်ရှိကြပြီး ပင်မလေးထပ်ဆောင်ရှေ့ရှိ အရှည် ၆၆၅ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၅ ပေရှိ ရေကန်တူးဖော်ပြီးစီးမှု၊ ရေကန်ပတ်လည်စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်ထားရှိမှု၊ ရေကန်အတွင်းရေဖြည့်သွင်းပြီး ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းများတပ်ဆင်ထားရှိမှု၊ ကန်ပေါင်တွင် လူသွားလမ်းဆောင်ရွက်ပြီးစီးမှုနှင့် တက္ကသိုလ်အတွင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့် တက္ကသိုလ်ပါမောက္ခချုပ်တို့က ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက္ကသိုလ်အတွင်း မိုးရာသီကာလ၌ တက္ကသိုလ်ပရိဝုဏ်အတွင်း ရေဝပ်မှုများမရှိစေရေး ဆောင်ရွက်ရန်နှင့်ရေမြောင်းများ စနစ်တကျတူးဖော်ထားရှိရန်၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ရောက်ရှိကြပြီး တက္ကသိုလ်အတွင်း စာသင်ဆောင်အသစ်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ် ဒေါက်တာကြည်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာသင် ဆောင်အသစ် ဆောက်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များနှင့် အထောက်အကူပြုအဆောင်များ၊ စာသင်ဆောင်များနှင့် ခန်းမများ ဆောင်ရွက်ရာတွင် အသေးစိတ်ကအစ ထည့်သွင်းတွက်ချက်စဉ်းစားကာ ရေရှည်ကိုကြည့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းဝင်းအတွင်း . လူသွားလမ်းများ၊ အားကစားပြုလုပ်ရာ နေရာနှင့်အပန်းဖြေနေရာများဆောင်ရွက်ရာ၌ ကျောင်းတွင်တက်ရောက်မည့် ကျောင်းသားဦးရေအချိုးနှင့်ကိုက်ညီသည့် အကျယ်အဝန်းများဖြစ်စေရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments