Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံ ပေးပို့သည့် သဝဏ်လွှာ

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

 

အဆွေတော်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သည့်အခါသမယတွင် မြန်မာပြည်သူများ ကိုယ်စားသော်လည်းကောင်း၊ မိမိအနေဖြင့်သော်လည်းကောင်း ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သလျက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 

 

လွန်ခဲ့သည့်(၇၅)နှစ်တာကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြားရင်းနှီးခင်မင်မှုတို့ဖြင့် ထူးခြားသည့် သွင်ပြင်လက္ခဏာရှိခဲ့ပါသည်။                                    

 

ယင်းသို့သော ချစ်ကြည်ရင်းနှီးမှုများမှာ နှစ်ဖက်အစိုးရများအဆက်ဆက်၏ပြုစုပျိုးထောင်မှုဖြင့် တစ်ဆထက်တစ်ဆ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အဆွေတော်၏ခရီးစဉ်က မိမိတို့နှစ်နိုင်ငံဆက်ဆံ‌ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ်အခြေခံသော အေးအတူပူအမျှ တူညီသောအနာဂတ်ကို မျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ်အသိုက်အဝန်းကို ထူထောင်ရန်သဘောတူညီခဲ့ကြပါသည်။

 

နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ် - မြန်မာစီးပွားရေးစင်္ကြံမဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် အကောင်အထည်ဖော်လျက်ရှိမှုက များစွာကျေနပ်အားရဖွယ် ဖြစ်ပါသည်။

 

မကြာသေးမီက မိမိတို့မော်စကိုမြို့၌ တွေ့ဆုံစဉ် အထူးသဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် တူညီသည့်ဘုံသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့မှုကို ဝမ်းမြောက်စွာ အမှတ်ရမိပါသည်။

 

မိမိအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကူမင်းမြို့၌ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းက စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေး အစရှိသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည့်အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း ဒေသနှင့် ကမ္ဘာတစ်ဝန်း တည်ငြိမ်ရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများကို အတူတကွ ပူးပေါင်းတိုက်ဖျက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြပါသည်။

 

အခွင့်အခါကြုံခိုက် မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ ယင်းသို့ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံအကြားရှိ ထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင် ဖြစ်ပါသည်။

 

ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု ရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

 

မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

 

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် အဆွေတော်ကျန်းမာသုခပြည့်စုံ၍ တရုတ်နိုင်ငံမှ ပြည်သူများအနေဖြင့် ဆက်လက်၍ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

 

မစ္စတာရှီကျင့်ဖျင်

သမ္မတ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ပေကျင်းမြို့