Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးမှာကြား

နေပြည်တော် ဧပြီ  ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံစွာရရှိရေးအတွက် မည်ကဲ့သို့ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးပြုလုပ်ခြင်း ဖြစ် ကြောင်း၊ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် များပြားလာသည်ကို တွေ့ရှိရ ကြောင်း၊ ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့်စိုက်ပျိုးရေများ လိုအပ်မည်ဖြစ်ပြီး ရေအရင်း အမြစ်များ စဉ်ဆက်မပြတ်ရရှိရေးသည် ရေရှည်စီမံကိန်းချမှတ်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင် တိုးပွားလာနိုင်မည့် လူဦးရေပမာဏကိုပါ ကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြင်ဦးလွင်မြို့နယ်အတွင်း နေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိစေရေးအတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရန်လိုကြောင်းဖြင့် ပြောကြား သည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြင်ဦးလွင်မြို့နယ်အတွင်း အနာဂတ်ကာလ ရေအရင်းအမြစ်လိုအပ်ချက်အတွက် ရေရှိနိုင်မှု၊ ရေလှောင်တမံများအလိုက် ရေသိုလှောင်နိုင်မှုပမာဏများနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးက ပြင်ဦးလွင်မြို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လက်ရှိရေပေးဝေနိုင်မှု၊ ရေအရင်းအမြစ်များနှင့် ရေသိုလှောင်နိုင်မှု၊ ပြင်ဦးလွင်မြို့၊ မြို့နေပြည်သူလူထုများ သောက်သုံးရေ အပြည့်အဝပေးဝေနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း ဆွေးနွေး တင်ပြကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

 

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ရှိ ရေရရှိနေသည့် ရေလှောင်တမံများ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရန်လိုကြောင်း၊ ရေအရင်းအမြစ်များဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတော များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဆည်တာတမံများအတွင်း ရာသီမရွေး ရေရရှိနိုင်ရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံစွာရရှိစေရေး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက်သွားရန်လိုပြီး ဆည်များအတွင်းမှ ကျဆင်းသွားသည့်ရေများကိုလည်း အလေအလွင့်အနည်းဆုံးဖြစ်စေရေး တာ၊ တမံများကို သုတေသနပြု တည်ဆောက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့နယ် ရေဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် သုတေသနပြုဆန်းစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။