Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံ တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအားတွေ့ဆုံအမှာစကားပြောကြား

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအား President ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ၊ သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပြည်ပနိုင်ငံသို့ ပညာတော်သင်များစေလွှတ်ခြင်းသည် ရည်ရွယ်ချက်ရှိစွာဖြင့် စေလွှတ်သင်ကြားစေခြင်းဖြစ်ကြောင်း၊ သာမန်အားဖြင့် ဘွဲ့လွန်သင်တန်းသားများရှိသကဲ့သို့ လိုအပ်ချက်များကြောင့် စေလွှတ်ရသည့် ပညာတော်သင် သင်တန်းသားများလည်းရှိကြောင်း၊ သင်တန်းများစေလွှတ်တက်ရောက်စေခြင်းဖြင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း သင်တန်းပြီးမြောက်အောင်သင်ကြားရန်နှင့် သင်ကြားပေးသည့် ပညာရပ်များကို အမှန်တကယ် တက်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်းဖိုးထား၍ ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာသင်ကြားရန်အတွက် မိမိကိုယ်တိုင်အတွက် အချိန်နှင့်ငွေကြေးများ ကုန်ကျခံရခြင်းရှိသကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်မှလည်း ထိုက်သင့်သည့် ကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးပြုနိုင်ရေးဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ အကျိုးကိုကြိုးပမ်းဆောင်ရွက်လိုသည့် စိတ်များရှိကြရန်လိုကြောင်း။

လူတိုင်းတွင် မျှော်လင့်ချက်ရှိသကဲ့သို့ မိမိတို့တိုင်းပြည်၏ မျှော်လင့်ချက်ကိုလည်း ဖြည့်ဆည်းပေးရန်လိုသဖြင့် မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များဖြင့် တိုင်းပြည်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေရန်လိုကြောင်း၊ တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်ကောင်းမွန်ပြီး လုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြသူများဖြစ်ကြကြောင်း၊ မိမိကိုယ်ကိုတန်ဖိုးထားပြီး မိမိတို့ဘဝ တိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းပြီး လုံ့လဝီရိယအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အလားတူ ဒေသစံတော်ချိန် နံနက်ပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်၍ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများနှင့် မိသားစုများအား သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မှု၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း စီးပွားရေးဖိုရမ်ကျင်းပနိုင်မှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုမှုတို့နှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းမှာကြားကာ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများနှင့် မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။