Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၅

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။

 

ထိုသို့ပြောကြားရာတွင် မိမိဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး သာမန်ချစ်ကြည်ရေးခရီးစဉ်ထက် ပိုမိုလေးနက်သည့်ချစ်ကြည်ရေးခရီးစဉ်တစ်ခု ဖြစ်ကြောင်း၊ ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ အပါအဝင် ရုရှားနိုင်ငံဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးတို့ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုများတွင် စစ်ဘက်၊ အရပ်ဘက်ပညာသင်ကြားရေးကိစ္စရပ်များလည်း ပါဝင်ကြောင်း။

 

ပညာတော်သင်များ စေလွှတ်ရာတွင် သာမန်ထက်ထူးချွန်သည့်သူများကို ရွေးချယ်၍ ပညာတော်သင်များ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရေး သာမက ရုရှားဘာသာ စကားတတ်မြောက်ရေး အတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်ခေါင်းဆောင်များ၏ အမြော်အမြင် ကြီးမားစွာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအတွက် လိုအပ်သည့် တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်ကို တန်ဖိုးထားစေချင်ကြောင်း၊ နိုင်ငံအတွက် လိုအပ်ချက်များရှိခြင်းကြောင့် ပညာတော်သင်များ စေလွှတ်ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ရွေးချယ်ခံရသည့်ထူးချွန်သူများ ဖြစ်သည်နှင့်အညီ ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

 

ဘွဲ့လွန်ပညာများ သင်ကြားရာတွင် အချိန်နှင့်ငွေကြေးများ စိုက်ထုတ်သုံးစွဲရကြောင်း၊ မိမိကိုယ်တိုင် ကုန်ကျရခြင်းများ ရှိသကဲ့သို့ နိုင်ငံတော်မှ ငွေကြေးကုန်ကျရခြင်းများလည်း ရှိကြောင်း၊ မိမိတို့၏အချိန်၊ ငွေကြေးနှင့် လုပ်အားများ ပေးဆပ်ထားရခြင်းကြောင့် ပညာသင်ကြားမှုများ မထိခိုက်အောင် ဆောင်ရွက်ကြရန်နှင့် သာမန်ထက်ထူးချွန်သည့်သူများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်သည့် ထိုက်တန်သော ဘွဲ့ရပညာတတ်များ ဖြစ်ကြစေလိုကြောင်း၊ ထူးချွန်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက “ သားရွှေအိုးထမ်းလာသည်” ဆိုသကဲ့သို့ နိုင်ငံတော်အတွက် အကျိုးခံစားရမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်နေသေးကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်ကြောင်း၊ ကျောင်းနေအရွယ်တွင် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများသည် လူတစ်ဦးအတွက် စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် အသိပညာ၊ အတတ်ပညာများတွင် ပညာရေးအားနည်းသူများထက် ပိုမိုသာလွန်သည်ကို တွေ့ရကြောင်း၊ နိုင်ငံသားအားလုံး ပညာတတ်များဖြစ်ရန် လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်မြင့်မားစေရေးအတွက် KG + 9 ထိ ပညာသင်ကြားနိုင်ရေး အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးစနစ်၊ ဥရောပနိုင်ငံများ၏ ပညာရေးစနစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၏ပညာရေးစနစ်ကို လေ့လာ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့်ကဏ္ဍများကို ဆောင်ရွက်ပေးကြစေလိုကြောင်း။

 

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတိုင်းသည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့် ပတ်သက်၍ နောက်ကျမကျန်နေစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းအားထုတ်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် နည်းပညာများ တိုးတက်စေရေး ကြိုးပမ်းသင်ယူကြရန်လိုကြောင်း၊ အလားတူ AI နှင့် ပတ်သက်၍လည်း စဉ်ဆက်မပြတ် လေ့လာနေရန်လိုကြောင်း၊ အကောင်းဘက်ကို ဦးတည်သည့် AI နည်းပညာများကို လေ့လာသင်ယူကြရန်လိုကြောင်း။

 

ပညာတော်သင်အရာရှိများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်အတွက် မိမိတို့၏အသက်ကို ပေးဆပ်မည်ဟု သစ္စာ ဆို၍ ဝင်လာသူများဖြစ်သဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း မပြုမိအောင်  စောင့်ထိန်းရန်လိုကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာရှိရှိဖြင့် ခံယူချက်ရှိစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက်လည်း ပါတီနိုင်ငံရေးများ ကင်းရှင်းကြရန် လိုကြောင်း။

စာပေများဖတ်ရှုလေ့လာမှုမှ ရရှိသည့် အသိပညာအတွေ့အကြုံများသည် မိမိ၏အလုပ်၊ မိမိ၏ဌာန၊ မိမိ၏နိုင်ငံအတွက် အထောက်အကူရအောင် ရည်မှန်းချက်ထားစေချင်ကြောင်း၊ နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်မြတ်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ ပါဝင်ကြောင်း၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်များကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် လူငယ်အရာရှိများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းမှာကြားလိုကြောင်း။

 

ရုရှားဘာသာရပ်နှင့်ပတ်သက်၍ အသုံးချခြင်းအားဖြင့် ရုရှား-မြန်မာချစ်ကြည်ရေးကို တိုးတက်စေရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစိုးရခေတ်အဆက်ဆက် တွင် ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးခဲ့သကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ကိုယ်တိုင် သစ္စာရှိရန်၊ မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန် အလေးထားမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။