နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးသန့်တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ မတ် - ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်သီးခြား တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေး လက်ထောက်အရာရှိ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုနိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက်ပိုမို တိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မော်စကိုမြို့တွင် တွေ့ဆုံမှုအတွက် ဝမ်းမြောက်ကြောင်းကို မိမိအနေဖြင့်ထပ်မံပြောကြားလိုပါကြောင်းနှင့် ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မော်စကိုမြို့၌ တွေ့ဆုံရမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်၌ တွေ့ဆုံခဲ့ပြီးယခုအခါ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှု အတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်သည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အာကာသသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြသည်။ ဆွေးနွေးမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်း သတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (မူကြမ်း) အပေါ် ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာ ပြီးမြောက်ခြင်းနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်တို့အား ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့ရှေ့မှောက်၌ အသီးသီးလက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲ ကြေညာချက်များကို အပြန်အလှန်ပြောကြားခဲ့ကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန်အလှန်ပြောကြားမှုများကို သီးခြားဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
- Log in to post comments