နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကြည်ညို
နေပြည်တော် မတ် ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) တို့ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမ္မဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေး အခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ၊ ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ပတ်သက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တရားတော်များနာယူကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments