နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ အတွင်းရေးမှူးနှင့် ဇနီးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေ တင်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ညစာစားပွဲသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ငြိမ်းချမ်းတမန် ဖိတ်ခေါ်သံ” ဂုဏ်ပြုတေးဂီတ ကဇာတ်ဖြင့်လည်းကောင်း၊ ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ဗမာတိုင်းရင်းသားရိုးရာအကအဖွဲ့၊ မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက “ပြည်ထောင်စုတိုင်းရင်းသားတို့မြေ” ယိမ်းအကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။
ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments