Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့် ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ မျိုးသိမ်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ကပြဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများက ကြည့်ရှုအားပေးနှုတ်ဆက်ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ စက်မှုဝန်ကြီးဌာန ပြခန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြခန်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် MSME ထုတ်ကုန်ပြခန်း၊ ကချင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကယားပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကရင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ချင်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး MSME ထုတ်ကုန် ပြခန်း၊ တနင်္သာရီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မကွေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မွန်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရန်ကုန်တိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ဧရာဝတီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်းတို့အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုပြီး ထုတ်ကုန်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်း ရရှိမှုနှင့်သုံးစွဲမှု၊ ထုတ်ကုန်များထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်း၊ ပြည်ပသို့ ပိုမိုတိုးချဲ့ဖြန့်ဖြူးနိုင်မည့် အခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကြည့်ရှုမှုများကို ခေတ္တရပ်နားခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး MSME ထုတ်ကုန် ပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ကုန်ပြခန်း၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်း (Business Matching Hall) ၊ မြန်မာနိုင်ငံဘဏ်များအသင်းပြခန်း၊ Digital Corner နည်းပညာပြခန်း၊ မြန်မာစီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် MSME ထုတ်ကုန်များပြခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MSME ထုတ်ကုန်များ ပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ပြခန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း ပြခန်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ထုတ်ကုန်ပြပွဲနှင့်အရောင်းပြခန်းတို့အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုအားပေးပြီး ထုတ်ကုန်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့်သုံးစွဲမှု၊ ထုတ်ကုန်များ ထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်း၊ ပြည်ပသို့ ပိုမို တိုးချဲ့ဖြန့်ဖြူးနိုင်မည့် အခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမအသင်းများ၏ ပြခန်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်း ပြခန်းများ ခင်းကျင်းပြသထားမှုများကို ဘာဂီယာဉ်ငယ်များဖြင့် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ(၁၀)ရက်မှ (၁၄) ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းခြင်းတူပါက အရည်အသွေး ပိုကောင်းရန်” ကို ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက် လာစေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင်ရေးအတွက် အားပေး မြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်းစီးပွား ချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့်ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများအပါအဝင် ပြခန်း စုစုပေါင်း (၉၆)ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆု အမျိုးအစားပေါင်း (၃၁)မျိုး အပေါ် Digital Trophy ၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ ငွေသားဆုအား ချီးမြှင့် ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E-Banking ဖြင့် ငွေသားထုတ်ယူရရှိရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။