နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးမျာ းဖြစ်ကြသည့် ဦးသန်းဆွေနှင့် ဦးတင်ဦးလွင်တို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ကြီးအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်ခဲ့မှုအတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားပြီး အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးအချိန်မှစတင်၍ ယနေ့အချိန်အထိ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍ ပြည်ပမှ သွေးခွဲမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၁ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးအနေဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဂုဏ်ထူးဆောင်ခန်းမအတွင်းရှိ သရုပ်ဖော်ပန်းချီများအား လိုက်လံပြသခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments