နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်
နေပြည်တော် ဒီဇင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHENG Manith သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှစ် (၇၀) ပြည့် အခမ်းအနားကို အနှစ်သာရရှိရှိဖြင့် ကျင်းပနိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments