နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော်၊ နိုဝင်ဘာ - ၁၈
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှု နှင့် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံ ကြည့်ရှု အားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားများဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ပြပွဲအား နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ယနေ့တွင် ဖွင့်ပွဲအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင် ၄၅၀၀ ကျော် လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments