နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်း သာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇွန် ၂၅
ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ သံတမန်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စိမ်းလန်းအတွေးရည် ငြိမ်းချမ်းတေးပန်းချီ” တိုင်းရင်းသား ပေါင်းစုံ တေးသရုပ်ဖော်အကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် ပြည်ပဧည့်သည်တော်ပညာရှင်များအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်းအား သီးခြားဖော်ပြပါမည်။)
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးကိုအခြေခံသည့် ပြဿနာ၊ ငြိမ်းချမ်းရေးကို အခြေခံသည့် ပြဿနာများဖြစ်ကြောင်း၊ နိုင်ငံရေးအခြေခံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခွင့်အရေးဟူ၍ နှစ်ပိုင်းတွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးသည့် အချိန်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ၎င်းအချိန်ကတည်းကပင် မြန်မာနိုင်ငံသည် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရန် ရည်မှန်းချက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ လွတ်လပ်ရေးမိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရန် အတိအလင်း ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဆိုရှယ်လစ်စနစ်ကို စတင်ကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် ပြင်ဆင်မှုများကို တပ်မတော်က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများရှိခြင်းကြောင့် အသွင်ကူးပြောင်းမှုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါ လက်နက်ကိုင်ပဋိပက္ခများ ယနေ့တိုင် ချုပ်ငြိမ်းခြင်း မရှိခြင်းကြောင့်လည်း ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အား တာဝန်ယူ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူ ဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရ အကောင်းဆုံး ဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ် အခွင့်အရေးများ ပေးထားသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း ကိုလည်း ပြန်ကြည့်ရန်လိုကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရ တောင်းဆိုမှုများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြင်ဆင်ရန်လိုအပ်သည်များကို မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်အစိုးရများ လက်ထက်က ငြိမ်းချမ်းရေးညီလာခံ ရလဒ်များကို ပြည်ထောင်စုသဘောတူညီချက်(Union Accord) အဖြစ် စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း၊ ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်လာပါက ၎င်းလုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု ငြိမ်းချမ်းရေးဖိုရမ်အပါအဝင် မိမိတို့လက်ထက်ဆွေးနွေးမှု ရလဒ်များကိုလည်း လွှတ်တော်သို့ တင်ပြဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားစွာဖြင့် ဆောင်ရွက်ပြီး တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ပြည်သူများအားလုံး အနေဖြင့်လည်း ယခုကဲ့သို့ စိတ်သဘောထားရှိမည်ဟု ယုံကြည်ကြောင်း၊ အလားတူ ယခုဖိုရမ်သို့ တက်ရောက်လာကြသည့် ပြည်ပမှပညာရှင်များနှင့် သံတမန်များအားလုံး အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ကောင်းကျိုးများ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သည့် ယခုဖိုရမ်သည် အောင်မြင်သည့် ဆွေးနွေးမှုများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ က ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင် ဆွေးနွေးသည့် ပြည်ပဧည့်သည်တော်ပညာရှင်များအား တစ်ဦးချင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ “စစ်မီးလည်းငြိမ်း မြက်ခင်းစိမ်း၍ ငြိမ်းချမ်းတေးများ ချိုလွင်စေ” ဟူသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှု Video Clip ကို ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြိမ်းချမ်းရေးဖိုရမ် -Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ အထိမ်းအမှတ်ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါငြိမ်းချမ်းရေးဖိုရမ်ကို နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နယ်ပယ် ကဏ္ဍအသီးသီးမှ တက်ရောက်လာကြသူများက အမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းများကို အလွတ်သဘော ကျယ်ပြန့်စွာ ဆွေးနွေးကြပြီး ရရှိလာသည့်အကြံပြုချက်များကို ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ်၍ ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
- Log in to post comments