Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် (Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြို့တော်ဝန် ဦးဗိုလ်ဌေးက မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များဖြင့် တည်ဆောက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဦးဝိစာရလမ်း မြေအောက်လမ်းကူး လူသွားဥမင်(Underpass) တည်ဆောက်ခဲ့မှုနှင့်ပတ်သက်သည့် Video Clip ကိုကြည့်ရှုကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြေအောက်လမ်းကူး လူသွားဥမင် (Underpass) ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Underpass တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာများအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်ခဲ့သည့် ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်မှုများပြားသည့်နေရာတစ်ခုဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့်  ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာ ဖြတ်သန်းသွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေအောက် လမ်းကူးလူသွားဥမင် (Underpass) အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်း ရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့်သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကိုအထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်ခဲ့သည့် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) သည် အများပြည်သူများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သော အဆောက်အဦဖြစ်ရုံသာမက ရန်ကုန်မြို့၏ တိုးတက်သော မြို့အင်္ဂါ ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း သတင်းရရှိသည်။