နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားတက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား၊ ဗြဟ္မစိုရ်တရားနှင့် စစ်မှန်သော မျိုးချစ်စိတ်များဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဖော်ဆောင်ပေးရေးဟူသည့် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်းဖြစ်သည်။
ဦးစွာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ကျင်းပရာ တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်သည်။
ယင်းနောက် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားသို့ တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှစတင်၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။
နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင်ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးများ၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments