နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်များမှ အေဂျင်စီဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူ များနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ အသီးသီး ချမှတ်ထားပြီး ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းသည့်အချိန်မှ ယခုချိန်အထိ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များ၊ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့် ခရီးစဉ်များတွင် တွေ့ရသည့် အတွေ့အကြုံများအရ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းချိတ်ဆက်နိုင်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းချင်း၊ လုပ်ငန်းရှင်များ အချင်းချင်း လုပ်ငန်းများ ချိတ်ဆက်နိုင်မှု၊ အတွေ့အကြုံဖလှယ်နိုင်မှုများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် မိမိ လုပ်ငန်းများအလိုက် သီးခြားစီ လုပ်ဆောင်နေကြခြင်းဖြစ်သည့်အတွက် အချင်းချင်း ညှိနှိုင်းပေါင်းစပ်ခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများတွင်လည်း အားနည်းနေသည်ကို တွေ့ရကြောင်း၊ နည်းပညာ၊ အထောက်အကူပစ္စည်း အပါအဝင် MSME နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် လုပ်ဆောင်ပေးနိုင်သည်များကို Webportal များ၌ တင်ပေးထားသော်လည်း လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လိုအပ်ချက်များရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တပေါင်းတစည်း MSME ထုတ်ကုန်ပြပွဲများ ကျင်းပလျက်ရှိသော်လည်း ပြည်ထောင်စုအဆင့်တွင် မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်ပေးနေခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်း ကွာခြားချက်၊ ဈေးနှုန်းနှင့် အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ၊ နည်းပညာ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေတို့ကို နှိုင်းယှဉ်နိုင်ပြီး လိုအပ်ချက်များ ပြုပြင်နိုင်ရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းပင်ဖြစ်စေ ယှဉ်ပြိုင်မှုရှိမှသာလျင် တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် မိမိတို့ထုတ်ကုန်များအနေဖြင့် ထုတ်ကုန်အမျိုးအစားခြင်း တူသော်လည်း အရည်အသွေး၊ အရသာ၊ ထုပ်ပိုးမှုပုံစံ နှိုင်းယှဉ်နိုင်မည်ဖြစ်ကာ ပြုပြင်စရာများကို ပြုပြင်နိုင်ရန်နှင့် တစ်နေရာတည်းတွင် နေရာအစုံမှ ပစ္စည်းအမျိုးအစားမျိုးစုံကို နှိုင်းယှဉ်နိုင်ခြင်း၊ လုပ်ငန်းရှင်များအချင်းချင်း အတွေ့အကြုံများကို မျှဝေနိုင်ခြင်း စသည့် ကောင်းမွန်သည့် အချက်အလက်များကို ချက်ချင်း ရရှိနိုင်မည် ဖြစ်ကြောင်း။
မိမိတို့ MSME ထုတ်ကုန်များကို ပြည်တွင်း ဈေးကွက်၌သာမက ပြည်ပသို့လည်း တင်ပို့နိုင်ရမည်ဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်များ၊ စာရွက်စာတမ်းဆိုင်ရာ လိုအပ်ချက်များ၊ နည်းစနစ်ဆိုင်ရာ လိုအပ်ချက်များကို လုပ်ငန်းရှင်များအနေဖြင့် သိရှိနားလည်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ခြင်းမှ ပြည်နယ်နှင့်တိုင်းဒေသကြီး ထုတ်ကုန်များအနေဖြင့် သွင်းကုန် အစားထိုး ပြည်တွင်း ဈေးကွက်အတွင်း ပြည်သူများသုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် လိုအပ်သည့် နည်းစနစ်ပိုင်းနှင့် အချက်အလက်များ၊ အထောက်အထားပိုင်းများကို ဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်၍ ဆောင်ရွက်ပေးနိုင်မည်ကို လုပ်ငန်းရှင်များအားလုံး သိရှိနိုင်ရန် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် ဝန်ကြီးဌာနများအနေဖြင့် ယခင် MSME ပြပွဲများကဲ့သို့ မိမိ ထုတ်ကုန် ပစ္စည်းများကို ခင်းကျင်းပြသခြင်းမျိုးမဟုတ်ဘဲ မိမိဝန်ကြီးဌာနက MSME လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်၊ နည်းပညာများကို လုပ်ငန်းရှင်များ သိရှိချိတ်ဆက်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် အေဂျင်စီဥက္ကဋ္ဌများက လုပ်ငန်းရှင်များကို ကြိုတင်အသိပေးထားစေလိုကြောင်း၊ ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေသည့် အရပ်ဖက် စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း၊ အဆိုပါအချက်အလက်များသည် နိုင်ငံတော်အကြီးအကဲ၏ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် ဖြစ်ကြောင်း။
နိုင်ငံတော်အကြီးအကဲ အပါအဝင် တာဝန်ရှိသူများ သွားရောက်သည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများတွင် တင်ပြချက်များအနက် အဓိကအချက်မှာ ငွေကြေးအရင်းအနှီး၊ မြေနေရာနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးဖြစ်ကြောင်း၊ အရင်းအနှီးနှင့်စပ်လျဉ်း၍ MSME လုပ်ငန်းကော်မတီတွင် လုပ်ငန်းရှင်များချေးငွေရရှိရေးအတွက် အတတ်နိုင်ဆုံး ဖြေလျော့မှုများ ဆောင်ရွက်ပေးထားကြောင်း၊ မြေနေရာ ရရှိရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ရသင့်ရထိုက်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်ဖြစ်သည့် လျှပ်စစ် ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆၃၀၀ ကျော် ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းနေသည့် စက်ရုံများရှိကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်လုပ်နိုင်သည့် ပမာဏပေါ်မူတည်၍ အလှည့်ကျ ရရှိရေးအတွက် အတတ်နိုင်ဆုံး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားရရှိရေး ကျော်လွှားနိုင်မည့် မိမိတို့စက်ရုံ၊ အလုပ်ရုံများကို အသိပညာပေးလိုသည်မှာ လက်ရှိ သီလဝါစက်မှုဇုန်၌ ကုမ္ပဏီ ၆ ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ် နိုင်မှုကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်လာကြောင်း၊ အဆိုပါဆောင်ရွက်မှုကို နမူနာယူပြီး အခြား ကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲ၍ရသည့်အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ ရနေကြောင်း၊ ဆိုလာစနစ် ဆောင်ရွက်သည့်အတွက် ကုန်ကျမည့် ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကြေကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင် တည်ဆောက်အသုံးပြုခဲ့ရာ လာမည့်တစ်နှစ်ခွဲအတွင်း အရင်းကြေကာလ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုဇုန်များ၏ မြေလွတ်နေရာများနှင့် အခြားမြေလွတ်မြေရိုင်း နေရာများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များ၌ လျှပ်စစ်မီး မလုံလောက်သည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာ လျှပ်စစ် အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အားများကို တစ်နိုင်ငံလုံး ဖြန့်ဝေခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် ဓာတ်အား ရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များအလိုက် ကိုယ်ပိုင် Solar စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းများပိုမိုအဆင်ပြေမည်ဖြစ်၍ ဆွေးနွေး ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ကြောင့် ယခုတက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အေဂျင်စီဥက္ကဋ္ဌများ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆိုလာစနစ်ဖြင့် ဓာတ်အား ထုတ်လုပ်ပြီး MSME လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေရန် ရှင်းလင်းပြောကြားစေလိုကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုနိုင်သည့် အတွက် ယခု ကျင်းပမည့်ပြပွဲနှင့် ပြိုင်ပွဲကို ခမ်းခမ်းနားနားဖြင့် ရည်မှန်းချက် ကြီးကြီးထား၍ ကျင်းပခြင်းဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှတစ်ဆင့် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသ တစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည့်အထိ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့ချိန် အထိ တိုးတက်မှုရှိသော်လည်း ပို့ကုန်အမယ်သစ်များ ပြည်ပသို့တင်ပို့နိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစီအစဉ်၊ ဝန်ကြီးဌာနများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြခန်းများ၊ ပါဝင်ပြသကြမည့် ထုတ်ကုန်အမျိုးအစားများ၊ ပြိုင်ပွဲအမျိုးအစား များနှင့် ဆုချီးမြှင့်မည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ မုခ်ဦးနှင့် ပြခန်းများ တည်ဆောက်ရေးဆပ်ကော်မတီ၊ ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးဆပ်ကော်မတီ၊ ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှု ဆပ်ကော်မတီ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆပ်ကော်မတီ၊ လျှပ်စစ်မီးရရှိရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အေဂျင်စီ ဥက္ကဋ္ဌများက ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြခန်းများ ပြင်ဆင်ထားရှိမှု၊ ခင်းကျင်း ပြသသွားမည့် ထုတ်ကုန်အမျိုးအစားများ၊ ရိုးရာအစားအစာ ဆိုင်ခန်းများတွင် ရောင်းချသွားမည့် ဒေသရိုးရာအစားအစာများနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ(B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ အပြီးသတ် ဆောင်ရွက်နေမှုနှင့် ပြခန်းအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments