Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား တွေဆုံအားပေး

နေပြည်တော် ဒီဇင်ဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် မြန်မာနိုင်ငံတစ်နိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း ပြဌာန်းကျင့်သုံးလျက်သည့် အခြေအနေများ၊ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတိုင်းတွင် မိမိနိုင်ငံကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည့်အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် သတ်မှတ်ပြဌာန်းထားသည့်ဥပဒေသတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်သူများကိုသာ စနစ်တကျရွေးချယ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်တန်းမှလေ့ကျင့်သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို လက်တွေ့စစ်မြေပြင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး နိုင်ငံတော်ကို ကာကွယ်စောင်ရှောက်ရန်လိုအပ်သည့် အခြေအနေများ၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်၊ စိတ်ဓာတ်ကောင်းမွန်ရန်နှင့် ကျန်းမာကြံ့ခိုင်မှုရှိအောင် နေထိုင်သွားကြရန်လိုအပ်သည့် အခြေအနေများနှင်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကားပြောကြားရာတွင် စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်၊ မိမိရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုများအပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်စွာ အောင်မြင်စွာထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိရဲဘော်များအပေါ် သစ္စာစောင့်သိခြင်းသည် ရဲဘော်စိတ်ဖြစ်သည့် ရဲဘော်အချင်းချင်းအပေါ်တွင် ထားရှိသည့်မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်ကြောင်း၊ မိသားစုအပေါ် သစ္စာစောင့်သိခြင်းမှာ မိမိကြောင့် မိမိ မိသားစုဂုဏ်သိက္ခာမကျအောင်၊ မိမိကြောင့် ပြည်သူများဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် ပြည်သူများထိခိုက်နစ်နာမှုမရှိအောင် ပြုမှုဆက်ဆံနေထိုင်ခြင်းပင် ဖြစ်ကြောင်း။

တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့်တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်းရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်းရရှိပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ်စည်းကမ်းများကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း။

တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ ပေးအပ်လာသည့်တာဝန်များအပေါ် ကျေပွန်အောင်ထမ်းဆောင်သွားကြရန် လိုကြောင်း၊ ထို့ပြင် လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရမည်ဆိုသည့် မြဲ (၃) မြဲနှင့်အညီ အမြဲမပြတ်လေ့လာလေ့ကျင့် လိုက်နာသွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ (၃) ရဲအတိုင်း ရန်သူကို  ချေမှုန်းတိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်းနိုင်ငံသားကောင်းများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ များတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြကြောင်း၊ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအနက်မှ အချိန်တိုအတွင်း နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ကြသည်ကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရှိရကြောင်း။

သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်ကြရာတွင်လည်း သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့အသုံးချသွားကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း လိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ  သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများကို  အပြည့်အဝအသုံးချသွားကြရန်လိုကြောင်း။

အလွှာပေါင်းစုံမှ ဝင်ရောက်တာဝန်ထမ်းဆောင်လာကြသူများဖြစ်သော်လည်း ယခုအခါ တူညီသောယူနီဖောင်းကို ဝတ်ဆင်၍ သင်တန်းကျောင်းများအလိုက် အရောင်အသွေးတူ၊ အတွေးအမြင် ၊ ယုံကြည်ချက်၊ ခံယူချက်တူညီအောင် လေ့ကျင့်ပေးလိုက်ပြီဖြစ်၍ တပ်မတော်သားဘဝကို ဂုဏ်ယူစွာဖြင့် ပေးအပ်လာသည့် မည်သည့်တာဝန်မျိုးကိုမဆို ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းရတနာများ၊ မိသားစုက လေးစားတန်ဖိုးထားရသည့် သူရဲကောင်းများအဖြစ် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသပေးထားမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများအားတွေ့ဆုံ၍ နယ်မြေဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပြီး တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး ရဲမေ၊ မိသားစုဝင်များကို အိမ်ထောင်သည်လိုင်းခန်းများအလိုက် ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် မူကြိုကလေးငယ်များအတွက် အာဟာရဖြည့် ဖြည့်စွက်စာများ တိုက်ကျွေးနိုင်ရန် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။

အလားတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများသည် သက်ဆိုင်ရာကွပ်ကဲမှုအလိုက် တပ်ရင်း/တပ်ဖွဲ့ များသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။