နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟိုင်းကြီးကျွန်းမြို့ သံကြိုးလမ်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၆
(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ကျောက်ချောင်းကျေးရွာအုပ်စု သံကြိုးလမ်းကျေးရွာတွင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ဖွင့်လှစ်ပေးသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ယင်းနောက် ကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
အဆိုပါလမ်းသည် ၂၀၂၄- ၂ဝ၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်ပေ ၁၀၅၀၊ အကျယ် ၁၀ ပေ နှင့် ဒု ၆ လက်မရှိကြောင်းသိရသည်။
အောင်စိတ်မွေးရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ဝီရိယထားကြိုးစားအားထုတ်ပါက အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အောင်စိတ်မွေးရမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆရာဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ လိုအပ်ချက်များ တင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရင်ခွင်ဦးဆောင်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ် ကျေးလက်နေတိုင်းရင်းသားပြည်သူများအား စာပေသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
- Log in to post comments