နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေး (၃/၂၀၂၅) သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မေ ၂၉
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၃/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း အခြေခံအဆောက်အအုံ (Infrastructure) အချို့ ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့မှုကို အချိန်တိုအတွင်း ဓာတ်အားပြန်လည်ရရှိရေး အမြန်ဆောင်ရွက်ပေးခဲ့ကြသည့် လျှပ်စစ်ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း။
စွမ်းအင်ကဏ္ဍအနေနှင့်လည်း လက်ရှိထုတ်လုပ်ဆဲရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရန် ပုံမှန်ဆောင်ရွက်နေကျ နည်းလမ်းများအပြင် အေအိုင် (AI) ၊ Water Flooding နှင့် Hydraulic Fracturing ကဲ့သို့ နည်းပညာများ အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြောင်း၊ Standard Well စနစ် အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည်များအပြင် ကမ်းလွန်စီမံကိန်းအသစ်များကိုလည်း ဆောလျင်စွာ စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေနှင့် အဖျောက်သဘာဝဓာတ်ငွေ့မြေနှင့် မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများရှိ တွင်းဟောင်းများ၏ပါးလွှာသဲကြောများကို သုတေသနပြုစမ်းသပ်ထုတ်လုပ်ခဲ့ရာ နေ့စဉ်သဘာဝဓာတ်ငွေ့နှင့်ရေနံများ တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယခုလို ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူအားလုံးကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း။
ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက Academic Institution များနှင့် Oil and Gas Industry တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခဲ့ခြင်းသည် ကောင်းမွန်သည့်ဆောင်ရွက်ချက်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ကျင့်သုံးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ရသည်ဖြစ်၍ ဥပဒေမူဘောင်ခိုင်မာရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့်စာချုပ်များ ချုပ်ဆိုရာတွင် နိုင်ငံတော်အနေနှင့် နစ်နာမှုမရှိစေရန် အရေးကြီးပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်ပေးနိုင်ပြီး လက်ရှိကာလနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးရန်၊ ဌာနများ၏လုပ်ထုံးလုပ်နည်းများတွင်လည်း လုပ်ငန်းစဉ်အဆင့်ဆင့်တွင် နှောင့်နှေးကြန့်ကြာမှုရှိနိုင်သည်များကို စိစစ်သုံးသပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
ပြည်သူများအနေဖြင့် ဓာတ်အားသုံးစွဲရာတွင် အဆင်ပြေပြီး ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ အရည်အသွေးကောင်းမွန်စိတ်ချရစေရေး၊ တာရှည်ခံနိုင်စေရေးနှင့် ပတ်ဝန်းကျင်အန္တရာယ်မဖြစ်စေရေးတို့အတွက် တင်သွင်းရောင်းချ တပ်ဆင်ကိုင်တွယ်သုံးစွဲခြင်း၊ လုပ်ထုံးလုပ်နည်းဥပဒေ (SOP) ကို အမြန်ပြုစုထုတ်ပြန်နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍လည်း ကမ်းလွန်စီမံကိန်းအသစ်များသည် နိုင်ငံတော်၏ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် အရေးပါသည့်စီမံကိန်းများဖြစ်၍ သတ်မှတ်ထားသည့် Timeline များအတိုင်း တွန်းအားပေး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းများ ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်ပြီး ကြုံတွေ့လာရသည့်အခက်အခဲများရှိပါက ဆောလျင်စွာ တင်ပြသွားရန် တိုက်တွန်းမှာကြား လိုပါကြောင်း။
အလားတူ သန်လျင်ရေနံချက်စက်ရုံ အဆင့်မြှင့်တင်ခြင်းစီမံကိန်း အပါအဝင် ရေနံဓာတုဗေဒစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပိုက်လိုင်းကွန်ရက်အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း စီမံချက်များအတိုင်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သဘာဝဓာတ်ငွေ့အသုံးပြုသည့်စက်များ၊ ပစ္စည်းကိရိယာ (Machinery and Equipment) များ၏ စွမ်းရည်(Efficiency) တိုးမြင့်လာရေးအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း/စီမံကိန်းများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ကော်မရှင်အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ကော်မရှင်အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက မိမိတို့တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း ဆောင်ရွက်ဆဲ/ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးချက်များကို တင်ပြကြသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရေး မြေနေရာလိုအပ်ချက်ကို အလွယ်တကူ ရွေးချယ်အသုံးချနိုင်ရေးအတွက် မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စီမံကိန်းဆောင်ရွက်နိုင်သည့်မြေနေရာများတွင် စီမံကိန်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိသည့် လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ပါက လိုအပ်သည်များကို ပံ့ပိုးကူညီပေးစေလိုပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို ကာလလတ်/ကာလရှည် စီမံကိန်းများအဖြစ် အကောင်အထည်ဖော်စီမံဆောင်ရွက်သွားရမည်ဖြစ်ရာ နည်းပညာပိုင်းနှင့်စာချုပ်စာတမ်းပိုင်းများတွင် အားနည်းချက်များ လိုအပ်ချက်များ မရှိစေရအောင် ယခုကတည်းက သက်ဆိုင်ရာဝါရင့်ဥပဒေပညာရှင်များ၊ နည်းပညာရှင်များနှင့် စိစစ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်မှုဇုန်များနှင့်စိုက်ပျိုးမွေးမြူရေးဇုန်များတွင် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံများကို အနီးဝန်းကျင်နှင့် ဆက်စပ်မြေနေရာများတွင် တည်ဆောက်ကြပြီး ဓာတ်အားရယူသုံးစွဲနိုင်ရေး တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက စီမံဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ သဘာဝဓာတ်ငွေ့သုံးစွဲမှုအပိုင်းတွင် ပိုက်လိုင်းစနစ်များ၊ စက်ပစ္စည်းများ သုံးစွဲမှုကာလကြာမြင့်မှုများကြောင့် စွမ်းရည်ကျဆင်းမှု၊ ပျက်စီးမှု၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းပပျောက်စေရေးကို ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments