Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး ဟားခါးတပ်နယ် အားကစားကွင်း၌ကျင်းပသည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တို့က (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ချင်းအမျိုးသားနေ့အခမ်းအနားကို စတင်ကျင်းပရာ သဘာပတိအဖွဲ့ဝင်များက သတ်မှတ်နေရာအလိုက် နေရာယူကြပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။

ယင်းနောက် သဘာပတိခေါင်းဆောင် ဦးကောလ်လျန်ထန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က ချင်းပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆု ရရှိသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒေါက်တာသက်ခိုင်ဝင်းတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူများကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ခွန်သန့်ဇော်ထူးနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်တို့က စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ချင်းပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် ရိက္ခာငွေကျပ် သိန်း ၅၀၀၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွက် DTH စလောင်းအစုံ ၅၀ နှင့် DVB T-2 Set Box အလုံး ၁၀၀၊ ယာယီနေရပ်စွန့်ခွာ မိသားစုများအတွက် ငွေကျပ် ၅၄၃၆၉၀၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာများ၊ ငွေကျပ် ၄၅၀၀၀၀၀၀ တန်ဖိုးရှိ ပေ (၁၀၀ x ၃၀ x ၁၈) အရွယ် Green House တစ်လုံးနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

ယင်းနောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ချင်းတိုင်းရင်းသား ရိုးရာအကအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ချင်းအမျိုးသားနေ့ ပွဲတော်အထိမ်းအမှတ် မီးပုံပွဲတော်ကို ချင်းတိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။