နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၂၀
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာ မျိုးသိန်းကျော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေများကို ခွင့်ပြုနိုင်ရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့နှင့် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်တောင်းခံငွေများကို အဆင့်ဆင့်စိစစ်ခဲ့ပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီက နောက်ဆုံးစိစစ်ပြီးသည့်အပေါ်တွင် ထပ်မံညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတွင် ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့တွင် အဓိကကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များ၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် အရည်အသွေးပြည့်မီသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပို့ဆောင် ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ ပြည်တွင်းထုတ်ကုန် တိုးမြှင့်စေရေးနှင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများ ပိုမိုလည်ပတ်နိုင်ပြီး စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် အဓိကကဏ္ဍဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကိုလည်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုပါပြပွဲ၊ ပြိုင်ပွဲ အသုံးစရိတ်များကိုလည်း ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ အလားတူ မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များကိုလည်း ခွင့်ပြုရမည်ဖြစ်ကြောင်း။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း မလိုအပ်သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မူလခန့်မှန်းခြေ ရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၃၁၀၀၀ ကျော်ဖြစ်ကြောင်း၊ သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၃၉၀၀၀ ကျော်ဖြစ်ကြောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေကို ကြည့်မည်ဆိုပါက ရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၃၅၀၀၀ ကျော်ဖြစ်ပြီး သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၄၁၀၀၀ ကျော်ဖြစ်ကြောင်း၊ ယခုတွက်ချက်ပြီးသည့် GDP မှာ ငွေကျပ်ဘီလီယံ ၁၅၅၅၄၃ ဒသမ ၅၃၄ ဖြစ်သည့်အတွက် မူလခန့်မှန်းခြေတွင် လိုငွေ၏ GDP အချိုးအရ ၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေ၏ GDP နှင့် လိုငွေအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း။
ရငွေပိုင်းကို ကြည့်မည်ဆိုပါက ပြုပြင်ပြီးခန့်မှန်းခြေ၏ ရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၄၀၇၀ ဒသမ ၃၆၄ ဘီလီယံ တိုးမြှင့်ရရှိနိုင်ရန် လျာထားခြင်းဖြစ်ကြောင်း၊ ရငွေ တိုးမြှင့် အောင်ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနများမှလည်း နောင်ဘဏ္ဍာရေးနှစ်များတွင် ယခုထက် ဝင်ငွေပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုံးငွေပိုင်းကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှစ၍ နောက်ဆုံးဖြည့်စွက်ရန်ပုံငွေတောင်းသည့် နိုဝင်ဘာလအထိ ၈ လ ဖြစ်ပြီး ၄ လကျန်ရှိသေးကြောင်း၊ အဆိုပါ ၈ လနှင့် ၄ လတွင် အသုံးစရိတ်မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီး ၄ လခန့်ကို နှိုင်းယှဉ်ကြည့်ရာတွင် မူလခန့်မှန်းခြေတွင် ၈ လအတွင်း သုံးစွဲငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၃၉၀၀၀ ကျော်ဖြစ်ပြီး၊ ကျန်ရှိသည့် ၄ လကာလအတွင်း သုံးရန်လျာထားသည့် သုံးငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၄၁၀၀၀ ကျော်ဖြစ်သည်ကို တွေ့ရကြောင်း၊ ယခင်နှစ်တွင် ဝန်ကြီးဌာနများက မသုံးနိုင်သည့်ပိုလျှံငွေများ ပြန်လည်အပ်နှံသည်ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ကျန်ရှိသည့် ၄ လနှင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် သုံးစွဲရမည့် အသုံးစရိတ်နှင့် လုပ်ငန်းပြီးစီးမှုအပေါ် စိစစ်ဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ ထိုသို့စိစစ်ရာမှ အသုံးစရိတ်များ ထပ်မံလျော့ချနိုင်မည်ဖြစ်ပြီး ရရှိလာသည့်ပိုလျှံငွေများကို ရာဂီမုန်တိုင်း နောက်ဆက်တွဲလုပ်ငန်းများတွင် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် သတ်မှတ်ထားသည့် မတ်လ ၁၅ ရက်မတိုင်မီ ပြီးစီးအောင် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ၏ စိစစ်ပြီးအခြေအနေအပေါ် ရငွေနှင့် အသုံးစရိတ်များ တိုးမြှင့်လိုခြင်း၊ စိစစ်လျှော့ချလိုခြင်းများရှိပါက တင်ပြပေးကြရန် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောက ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ ကြိုတင်စိစစ်ဆောင်ရွက်ခဲ့မှု၊ ထိုသို့စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအား စိစစ်ဆောင်ရွက်ခဲ့မှုနှင့် ဦးစားပေးလုပ်ငန်းများအတွက် အသုံးစရိတ်များတိုးမြှင့်ခွင့်ပြုပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများအား စိစစ်ပြီးစီးမှုအခြေအနေ၊ မူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအခြေအနေနှင့် နိုင်ငံပိုင်နိုင်ငံခြားငွေရငွေနှင့် သုံးငွေ မူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအခြေအနေတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ၂၀၂၄- ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ စိစစ်ပြီးစီးမှုနှင့် ဖြည့်စွက်ခွင့်ပြုသည့် အသုံးစရိတ်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ရငွေ၊ သုံးငွေစာရင်းများနှင့်စပ်လျဉ်းသည့် စာရင်းစစ်ဆေးခြင်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
- Log in to post comments