ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ မေ - ၃၀
ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နိုင်ငံတကာမှသံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအား “ပြန်လည်ထူထောင်ရေး” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ပြီး “မြေငလျင်ဘေးအလွန် အကျပ်အတည်းများအကြားမှ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ကာ ကျော်လွှားကြမည်” Video Clip ကို ကြည့်ရှုကြသည်။
ယင်းနောက် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့်ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ် ငြိမ်သက်စွာ ရပ်တန့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖိုရမ်ကြီးကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေး ပိုမိုကောင်းမွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့်ပထဝီစီးပွားရေး အခွင့်အလမ်းများကိုသိရှိအသုံးချပြီး ပြည်တွင်းကထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၃၉)ဦး၊ ထိခိုက်ဒဏ်ရာရသူ(၅၁၀၄) ဦးနှင့် ပျောက်ဆုံးနေသူ (၆၈)ဦးရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်း၌ပင် ပျက်စီးဆုံးရှုံးမှုပမာဏ များပြားသည်ကိုတွေ့ရသည့် အတွက် မိမိအနေဖြင့် ချက်ချင်းဆိုသကဲ့သို့ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ အကူအညီများပေးအပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေး ပစ္စည်းတန်ချိန် (၃၁၀၉.၃၁၇)ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း (၁၀၇၀)ဦး ကျန်းမာရေးစောင့်ရှောက်ရေးပညာရှင်များနှင့် ဆရာဝန်များ(၂၈၇)ဦးတို့ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း။
ငလျင်လှုပ်ပြီးချိန်တွင် နိုင်ငံပေါင်း (၂၆)နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အကူအညီများသည် လေကြောင်း၊ ရေကြောင်းနှင့်ကုန်းလမ်းခရီးများကတစ်ဆင့် ရောက်ရှိလာခဲ့ကြကြောင်း၊ ယင်းအတွက် မန္တလေးငလျင်ကြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့်နိုင်ငံများမှ အစိုးရများနှင့်အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအလှူရှင်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းကို နိုင်ငံတော်အစိုးရနှင့် မြန်မာပြည်သူများကိုယ်စားပြောကြားလိုကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကြောင်း၊ တွက်ချက်ထားမှုအရ ငွေကျပ် ၃၆၂၉ .၂၀၈ ဘီလီယံ ရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် မိမိတို့အားလုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း။
ယနေ့ကျင်းပသည့်ဖိုရမ်သည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြန်မာ့စီးပွားရေးကို မည်သို့ပြန်လည် ကုစားမည်၊ မည်သို့ပြန်လည်ထူထောင်ကြမည်၊ ထိုသို့ ပြန်လည်ကုစား၊ ပြန်လည်ထူထောင်မှုများမှ မည်သည့်အခွင့်အလမ်းများရှိလာနိုင်မည်ကို လူမှုစီးပွားအမြင်ရှုထောင့်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာပညာရှင်များ၏ သုံးသပ်မှုများ၊ လက်တွေ့ထိခိုက်ခံစားခဲ့ရသည့် စီးပွားရေးနယ်ပယ်အသီးသီးမှ အကြံပြုချက်များကို စုစည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ ယခုနေရာကို စုဝေးရောက်ရှိလာကြခြင်းသည် မိမိတို့မည်မျှဆုံးရှုံးခဲ့သည်ကို တွက်ချက်ဖော်ပြ ဝမ်းနည်းနေကြခြင်းထက် မီးလျှံထဲကဇာမဏီငှက်ကဲ့သို့ မိမိတို့မည်သို့ပြန်လည်နိုးထ ရုန်းကန်ရှင်သန်ကြမည်၊ မည်သို့ပြန်လည်တည်ဆောက်ကြမည်၊ ယင်းထက် အရေးကြီးသည်မှာ မည်သို့ပိုပြီးကောင်းအောင်တည်ဆောက်ကြမည်ဆိုသည်ကို နိုင်ငံချစ်စိတ်အခြေခံပြီး စည်းလုံးချစ်ခင်ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ကြရန်ပင် ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက မိမိတို့၏လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများကိုပါ ဖျက်ဆီးဖြတ်တောက်ခဲ့ကြောင်း၊ အသက်များဆုံးရှုံးခဲ့ရပြီး ငလျင်ဘေးသင့်ပြည်သူများသည် နေရပ်များယာယီရွှေ့ပြောင်းခဲ့ရကြောင်း၊ ပြည်သူများ၏ စိတ်ဓာတ်ခွန်အားကို ထိခိုက်စေခဲ့သကဲ့သို့ မိမိတို့၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်း ရိုက်ခတ်မှုများ အထိုက် အလျောက် ရှိခဲ့ကြောင်း၊ သို့သော်လည်း ယခုမိမိတို့သည် အင်အားရှိလှသည့် အမှန်တရားတစ်ခုနှင့်နိုးထလာခဲ့ကြကြောင်း၊ ယင်းအမှန်တရားသည် မြန်မာလူမျိုးများ၏ ပြင်းပြသည့်စိတ်ဓာတ်နှင့်စုစည်းညီညွတ်မှုသည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဘဲ ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာ ပြောလိုကြောင်း။
မိမိ၏ ယခုဆွေးနွေးပြောဆိုမှုသည် တွေးတောစဉ်းစားမှုတစ်ခုသာမျှမကဘဲ လမ်းပြမြေပုံတစ်ခုအတွက် အုတ်မြစ်ချခြင်းဟုလည်း ပြောလိုကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် စီးပွားရေးပြန်လည်ကုစားကြရာတွင် မိမိတို့၏ စုပေါင်းရှုမြင်မှုများနှင့်အတူ ဆောင်ရွက်သင့်သည့် မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်ကို မိမိသုံးသပ် ပြောကြားလိုကြောင်း။
ယင်းသုံးရပ်မှာ ပထမမဏ္ဍိုင်အဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့်လူမှုကာကွယ်ရေး (Humanitarian relief and social protection)၊ ဒုတိယမဏ္ဍိုင်အဖြစ် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေး ပြန်လည်ရှင်သန်ခြင်း (Infrastructure reconstruction and economic revival) နှင့် တတိယမဏ္ဍိုင်အဖြစ် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ (Reform anchored in resilience and inclusivity) စသည်တို့ ဖြစ်ကြကြောင်း။
ပထမဆုံးမဏ္ဍိုင်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေးအနေဖြင့် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး မိမိတို့၏ဦးစားပေးမှုသည် ရိုးရှင်းပြီးအဆောတလျင် လုပ်ရမည့် ကိစ္စဖြစ်သည့် အသက်များကို ကယ်တင်ရန်နှင့်လူမှုအသိုက်အဝန်းတည်ငြိမ်မှုရရှိစေရန် မိမိတို့စတင်လုပ်ဆောင်ခဲ့ကြကြောင်း၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြားတွင် သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်နေခြင်းများအပေါ်တွင် ပိုမိုထိရောက်အောင် အရှိန်မြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ငလျင်ကြီးကြောင့် လူပေါင်းခြောက်သိန်းခန့်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရကြောင်း၊ ငလျင်ဘေးကြီးမားစွာ ခံစားရသည့်ဒေသများတွင် ငလျင်လှုပ်အပြီး (၇၂)နာရီအတွင်း အရေးပေါ်ရွက်ဖျင်တဲများကို တည်ဆောက်ပေးခဲ့ကြောင်း၊ သန့်ရှင်းသည့်ရေ၊ အစားအသောက်နှင့်ဆေးဝါးများကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ငလျင်ကြောင့် ပျက်စီးခဲ့သည့်ဒေသများတွင် ရွှေ့ပြောင်းဆေးရုံနှင့်ဆေးခန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ လူမှုအသိုက်အဝန်းကြား၊ အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ဘေးက လွတ်မြောက်လာသူများ၏ စိတ်ထိခိုက်ခံစားမှုများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ကြကြောင်း။
သို့သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများဆိုသည်မှာ သက်သာသွားရုံဖြင့် ရပ်တန့်ပစ်၍ မရကြောင်း၊ ယင်းအကူအညီများကို လူမှုကာကွယ်ရေးစနစ်တစ်ခုအတွင်းသို့ ကူးပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ယာယီနေအိမ်မှ ငလျင်ဒဏ်ခံနိုင်သည့် အမြဲတမ်းနေအိမ်များ ဆောက်လုပ်ပေးခြင်း၊ နေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည့် ကလေးငယ်များကို လုံခြုံစိတ်ချရသည့်ကျောင်းများနှင့် စာသင်ခန်းများတွင် တက်ရောက်နိုင်စေရေး ဆောင်ရွက်ပေးခြင်းနှင့် ပင်မဝင်ငွေဆုံးရှုံးခဲ့ရသည့် မိသားစုများအတွက် အရေးပေါ်အသက်မွေးဝမ်းကျောင်း ထောက်ပံ့ငွေများပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည် လူမှုအကာအကွယ်ပေးမှုအစီအစဉ်၏ အစိတ်အပိုင်းများဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့၏ ပထမမဏ္ဍိုင်သည် ပြည်သူ့အရေးဦးတည်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ကို ပြောကြားလိုကြောင်း။
ဒုတိယမဏ္ဍိုင်ဖြစ်သည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် စီးပွားရေးပြန်လည်ရှင်သန်စေရန်ကိုလည်း ဆောင်ရွက်နေကြောင်း၊ ငလျင်ကြောင့်ဖြစ်ပေါ်ရသည့် စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုများသည် ကြီးမားလှကြောင်း၊ လမ်းများသည် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး တံတားများပြိုကျခဲ့ကြောင်း၊ MSME များမှအစ စက်ရုံအလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့ကြကြောင်း။
သို့သော်လည်း အကျပ်အတည်းများထဲမှ အခွင့်အလမ်းများရှိနေသည်ကို မိမိတို့သတိပြုရမည် ဖြစ်ကြောင်း၊ ယခုအချိန်သည် ပြန်လည်တည်ဆောက်ရုံသက်သက် ကာလမဟုတ်ကြောင်း၊ ပိုပြီးကောင်းမွန်သည့် ပိုပြီးစိမ်းလန်းသည့် လူမှုဝန်းကျင်များကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းများလည်းရှိနေကြောင်း၊ မိမိတို့သည် ကြံ့ကြံ့ခံသည့်အခြေခံအဆောက်အအုံများဖြင့်ပြန်လည်ထူထောင်ရေးအမျိုးသားအဆင့် အစီအစဉ်ကို စနစ်တကျလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်တွင် ပြည်တွင်း ရန်ပုံငွေများ၊ အစိုးရနှင့်ပုဂ္ဂလိကတို့၏ မိတ်ဖက်ဆောင်ရွက်မှုများ(public-private partnerships)နှင့် နိုင်ငံတကာအကူအညီများကို ထည့်သွင်းပါဝင်စေပြီး အဓိကကျ သည့်နယ်ပယ်(၅)ခုတွင် ပြန်လည်ထူထောင်ရေးများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း။
ယင်းနယ်ပယ်များမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ စိုက်ပျိုးရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အများပြည်သူပိုင် အဆောက်အအုံများပင်ဖြစ်ကြကြောင်း၊ အခြေခံအဆောက်အအုံများပြန်လည်တည်ဆောက်ခြင်းနှင့်အတူ မိမိတို့သည် မြန်မာ့ စီးပွားရေး၏ကျောရိုးပမာဖြစ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း MSME များ ပြန်လည်ရှင်သန်လာအောင်လည်း အာရုံစိုက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများမှတဆင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ကြမည်ဟုလည်းမျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ထူထောင်ရေးဖိုရမ်ကဲ့သို့ ပွဲမျိုးကျင်းပခြင်းဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သောဖိုရမ်တွင် ပြန်လည်ထူထောင်ရေးဇုန် (Recovery zones)များကို သတ်မှတ်ခွင့်ပြုခြင်း၊ လုပ်သာကိုင်သာရှိသည့် သက်သာခွင့်မက်လုံးပေးခြင်းနှင့် ESG-focused regulations ဟုခေါ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်းကျင်ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်မှုကောင်းမွန်ရေး အခြေခံသည့်လုပ်ထုံးလုပ်နည်းများကိုပါဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဟုယူဆကြောင်း။
တတိယမဏ္ဍိုင်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ပြုခြင်း (Reform and Global Partnerships) အစီအစဉ်များပင်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်းဟု ဆိုလိုက်ပါက ရုပ်ပိုင်းဆိုင်ရာထက်ကျော်လွန်ပြီး အဓိပ္ပာယ်သက်ရောက်မှုရှိသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်အသစ်တည်ခြင်းတို့၏ လုပ်ငန်းစဉ်တစ်ခုဟု ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာ၌ မိမိတို့သည် ကာလရှည်ချဉ်းကပ်မှုကြီးသုံးခုကို လုပ်ဆောင်သင့်ပြီး ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားရှိမှု၊ ငွေကြေးဘဏ္ဍာရေးအရ တာဝန်ယူမှုတာဝန်ခံမှုနှင့် အားလုံးခြုံငုံသည့် ဖွံ့ဖြိုးတိုးတက်မှုများပင်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ် အသင့်ပြင်ဆင်ထားရှိမှုကို ချဉ်းကပ်လုပ်ဆောင်ရာတွင် မိမိတို့သည် သဘာဝဘေးအန္တရာယ် မြင့်မားမှုရှိနေသည့်နေရာပြအမျိုးသားအဆင့်မြေပုံတစ်ခုကို နောက်ဆုံးအချက်အလက်များနှင့်အတူရေးဆွဲပြီး အခြေခံဆောင်ရွက်သင့်ကြောင်း၊ အချက်ပေးစနစ်များ စောစီးစွာတပ်ဆင်ကြရမည်ဖြစ်ပြီး ကယ်ဆယ်ရေး ဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကို ခေတ်မီနည်းပညာများဖြင့်ပေါင်းစပ်ပြီး ပြန်လည် ရေးဆွဲကြရန်လိုကြောင်း။
ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှုဆိုရာတွင်လည်း မိမိတို့သည် ပြန်လည် တည်ဆောက်ရေးရန်ပုံငွေများ ခွဲဝေသုံးစွဲမှုများကို ထင်သာမြင်သာရှိစေရမည်ဖြစ်ပြီး အလေအလွင့်မရှိစေရေးနှင့် တိုးတက်ရေးအတွက် အမြဲစောင့်ကြပ်ကြည့်ရှုမည့် ယန္တရားများကိုလည်း ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တတိယချဉ်းကပ်မှုဖြစ်သည့် အားလုံးခြုံငုံပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဟူသည်မှာ အမျိုးသမီးများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်ပြည်သူအားလုံး ခြုံငုံပါဝင်စေမည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း။
မိမိတို့၏ ပြန်လည်ထူထောင်ခြင်းအစီအစဉ်များကို ဆောင်ရွက်ကြသည့်အခါ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသနှင့်နိုင်ငံ တကာအဖွဲ့အစည်းများနှင့်အတူ ငလျင်ဘေးပြန်လည်ထူထောင်ခြင်းကို ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း သုံးသပ်ပြောကြားလိုကြောင်း၊ ပြန်လည်တည်ဆောက်ခြင်းဟူသည်မှာ ပြန်လည်နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင် လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံကို ဖန်တီးတည်ဆောက်ခြင်းလည်းဖြစ်သည်ဟုပြောလိုကြောင်း၊ အနာဂတ်တွင် အခြေခံ အဆောက်အအုံများသည် ကြံ့ကြံ့ခံနိုင်ပြီး အုပ်ချုပ်မှုတွင်တာဝန်ခံမှုတာဝန်ယူမှုရှိသည့်၊ မျှတစွာဖွံ့ဖြိုးတိုးတက်သည့် အခြေခံကောင်းများရှိနေရမည်ဖြစ်ကြောင်း။
မိမိတို့အစီအစဉ်တွင် ပါဝင်ကြရန်အတွက် ဒေသတွင်းနှင့်နိုင်ငံတကာမိတ်ဖက်များအနေဖြင့် မိမိတို့ကိုထောက်ခံအားပေးရုံမျှမကဘဲ “အမြင်သစ်မြန်မာနိုင်ငံ” (A new vision of Myanmar) အတွက် မိမိတို့နှင့်အတူ ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်လိုကြောင်း၊ ယင်းအနာဂတ်မြန်မာနိုင်ငံကို ပိုပြီးစည်းလုံးညီညွတ်သည့်၊ ပိုပြီးခြုံငုံပါဝင်ကြသည့်၊ အနာဂတ်ကိုအသင့်ဖြစ်နေမှု ပိုပြီးခိုင်မာနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ ပုံဖော်တည်ဆောက်လိုပြီး တည်ဆောက်ရန်လည်း လိုအပ်ပါကြောင်း။
မိမိတို့ပြည်သူများအနေဖြင့်လည်း ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့်ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးသော အမျိုးသားအရင်းအနှီးများဖြစ်သည်ဟု ဂုဏ်ပြု ပြောကြားလိုကြောင်း၊ နိုင်ငံကို ပြန်လည်ထူထောင်ကြမည့်ခရီးရှည်တွင် မိမိတို့ ပြည်သူများသည် မိမိတို့ကိုဦးဆောင်ခေါ်သွားမည့် ယုံကြည်မှုအလင်းတန်းများဖြစ်ကြသည်ဟုလည်း တင်စား ပြောကြားလိုကြောင်း၊ မိမိတို့ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ကျရောက်လာသည့်အချိန်တွင် ယခုကဲ့သို့ “ We are Stronger, We are Together” ဟူသည့် စိတ်သဘောထားခံယူချက်များကို ဆက်လက်မွေးမြူပြီး ကြံ့ကြံ့ခံကျော်လွှားပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို လှပစွာပုံဖော်ရာ၌ အားကောင်းသည့်ကောက်ကြောင်းပုံရိပ်များအဖြစ် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် အတွေးအမြင်များ၊ ဗဟုသုတများ၊ ရလဒ်ကောင်းများကို မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချမှတ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်အောင် ဝိုင်းဝန်းကြံဆောင်ပေးကြရန်နှင့် အနာဂတ်နိုင်ငံတော်ကြီးကို ပိုမိုလှပသည့်အနာဂတ်ကို ပိုမိုထွန်းလင်းသောအလင်းတန်းများနှင့်အတူ ဖန်တီးပုံဖော်တည်ဆောက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားရာတွင် မိမိအနေဖြင့် အနည်းငယ်ဖြည့်စွက်ဆွေးနွေးပြောကြားလိုကြောင်း၊ သဘာဝဘေးဒဏ်များကြုံတွေ့ရမှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ပြီးချိန်နောက်ပိုင်း ရာသီဥတုဖောက် ပြန်မှုများကြောင့်သာမကဘဲ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများကိုပါ ကျော်လွှားခဲ့ရကြောင်း၊ အလားတူ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကိုလည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိကျော်လွှားခဲ့ရကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် အခက်အခဲများကိုလည်းကျော်လွှားနေရဆဲဖြစ်ကြောင်း။
အလားတူ ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးဒဏ် များကိုခံစားခဲ့ရကြောင်း၊ ယခုနှစ်မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် မန္တလေးတိုင်းဒေသကြီး၌ ထိခိုက်ပျက်စီးမှုပိုမိုများပြားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ ဒုတိယစီးပွားရေးအကြီးဆုံး မြို့တော်ဖြစ်ကြောင်း၊ ၎င်းဒေသ၌ အလတ်စားအဆင့် ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်းများရှိပြီး ငလျင်ကြောင့်ထိခိုက်ခဲ့ရကြောင်း၊ ဘိလပ်မြေနှင့်သံမဏိများသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့်ပစ္စည်းများဖြစ်၍ အမြန်ဆုံးပြန်လည်ပြုပြင်၍ လည်ပတ်နိုင်ရေးမိမိတို့အနေဖြင့် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဘိလပ်မြေဈေးများမှာ မြင့်တက်လာသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ သံနှင့်ပတ်သက်၍လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် ပြည်ပနိုင်ငံများမှအကူအညီများရရှိနိုင်ရေး မိမိအနေဖြင့် အသိပေးဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း။
စက်ရုံအလုပ်ရုံများလည်ပတ်နိုင်ရေး ကုန်ကြမ်း၊ သွင်းအားစုများဖြစ်ကြသည့် လောင်စာနှင့် လျှပ်စစ်ဓာတ်အား၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးနှင့် လုပ်အားများလိုအပ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဒေသတွင်းထုတ်လုပ်နိုင်သည့် ကုန်ကြမ်းများဖြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံချိန်များ၌ မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်လာနိုင်မည်ဆိုပါက ပြည်တွင်း၌ ကုန်ပစ္စည်းများ ပေါများလာမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများလည်ပတ်မှုရှိနေပါက အလုပ်အကိုင် အခွင့်အလမ်းများပေါများပြီး ငွေကြေးလည်ပတ်မှုများကို ကောင်းမွန်လာစေကာ ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း မျှတကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများလည်ပတ်၍ ငွေကြေးလည်ပတ်မှုများကောင်းမွန်အောင် မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒုတိယအကြီးမားဆုံးကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်မြေဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်း ပိုမိုအာရုံစိုက်၍ ဆောင်ရွက် သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ GDP မှာနည်းပါးနေသေးကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်ပစ္စည်းများတွင် ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် ပစ္စည်းများပိုမိုထုတ်လုပ်တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု၌ ၂.၃ ဘီလီယံခန့် ပိုငွေပြခဲ့ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြသမှုများပြားကြောင်း၊ မိမိတို့အစိုးရလက်ထက် ၄ နှစ်အတွင်း ပထမနှစ်တွင် ကုန်သွယ်မှုပိုငွေပြပြီး ဒုတိယနှင့် တတိယနှစ်တို့တွင် ကုန်သွယ်မှုလိုငွေများပြခဲ့ကြောင်း၊ စတုတ္ထနှစ်တွင် ကုန်သွယ်မှုပိုငွေပြခဲ့ပြီး စုစုပေါင်း ၄ နှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြမှုများကြောင့် နိုင်ငံခြားငွေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားရခြင်းများကို စိစစ်သည့်အခါတွင် ပြည်ပသို့ထွက်ခွာမှုများ များပြားသည်ကိုတွေ့ရပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများပြန်လည်ရရှိစေရေး စက်ရုံအလုပ်ရုံများလည်ပတ်၍ ပို့ကုန်များပိုမိုတိုးတက်အောင်တင်ပို့နိုင်အောင် ထုတ်လုပ်သွားရန်လိုကြောင်း၊ ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများဆောင်ရွက်နေကြသူများအနေဖြင့် ပိုမိုလည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိ၏ စီးပွားရေးနှင့် ပတ်သက်သည့်မူဝါဒမှာ “ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေး ပိုမိုကောင်းမွန်ရမည်” ဖြစ်ကြောင်း၊ သို့မှသာ ဈေးကွက်တွင် ရောင်းအားများပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အရေအတွက်များများ ရောင်းချထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ပြည်တွင်းထုတ်ကုန်များကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ Non Trade မှ လိုငွေများတွင် ပြည်ပမှတရားမဝင်ပစ္စည်းတင်သွင်းမှုများလည်းပါဝင်ပြီး တရားမဝင်ရောင်းဝယ်မှုများရှိကြောင်း၊ ပြည်ပမှမှာယူ တင်သွင်းသည့်ပစ္စည်းများပြားနေသည်ကို တွေ့မြင်နေရပြီး ယင်းနေရာတွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ခန့်ကတည်းက MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အရည်အသွေးမြင့် MSME ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရကြောင်း၊ သို့သော်လည်း အဆိုပါထုတ်ကုန်ပစ္စည်းများသည် စားသောက်ကုန်ကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းအများစုဖြစ်နေသည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည့် MSME ထုတ်ကုန်ပစ္စည်းများကို ဆက်လက်တိုးမြှင့်ထုတ်လုပ်သွားကြရန် လိုအပ်မည်ဟု ပြောကြားလိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့်ပတ်သက်၍ ငလျင်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်မည်ဖြစ်ပြီး ပုဂ္ဂလိကနှင့်အစိုးရပူးပေါင်း၍ချေးငွေများဆောင်ရွက်ပေးနိုင်ရန်တင်ပြမှုများရှိကြောင်း၊ အတိုးများတွက်ချက်ရာတွင် Developing နှင့် Commercial ဟူ၍ရှိမည်ဖြစ်ပြီး Developing လုပ်ငန်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ Commercial နှင့်ပတ်သက်၍လည်း နှစ်ပိုင်းရှိမည်ဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသများတွင်ရှိသည့် Commercial အတိုးနှုန်းနှင့် အခြားဒေသများရှိ Commercial အတိုးနှုန်းဟူ၍ဖြစ်ကြောင်း၊ ဖြစ်နိုင်သ၍ အတိုးနှုန်းသက်သက်သာသာဖြင့် ဖြစ်စေရေး တာဝန်ရှိသူများ၊ အတွေ့အကြုံရှိသူများအနေဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများဆောင်ရွက်ပေးနိုင်ရေး ငွေကျပ် ဘီလီယံ ၇၀၀ ကိုလျာထားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေနှင့်ပတ်သက်၍လည်း မိမိတို့ထံတွင် လက်ကျန်ငွေ ကျပ် ၂၂၆ ဘီလီယံခန့်ရှိကြောင်း၊ ယင်းငွေများကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက်လည်း ထုတ်ပေးသွားလိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို စက်ရုံ၊ အလုပ်ရုံများတွင် အကျိုးရှိရှိသုံးစွဲသွားနိုင်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးပေးစေ လိုကြောင်း။
မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်ရေးကို ကြိုးစားရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယင်းကို ဖြေရှင်းနိုင်သည့်နည်းလမ်းမှာ ကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမရှိဘဲ ကုန်ဈေးနှုန်းကျဆင်းရန်မှာ မည်ကဲ့သို့မျှမဖြစ်နိုင်ကြောင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့မျှတအောင် မိမိတို့အရင်ဖြင့် ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဒေသတွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီမံကိန်းစီးပွားရေးစနစ်ကို သွားသည့်နိုင်ငံတစ်ခုမဟုတ်ဘဲ ဈေးကွက်စီးပွားရေးစနစ်ကို သွားသည့်နိုင်ငံဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မူဝါဒချမှတ်ပေးခြင်းသာဖြစ်ပြီး ပုဂ္ဂလိကများ၊ လုပ်ငန်းရှင်များက လုပ်ဆောင်ရမည်ဖြစ်ကာ ထိုသို့လုပ်ဆောင်နိုင်မှသာလျင် ကုန်ဈေးနှုန်းများ ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေး၊ သောက်ရေးတို့အတွက် လိုအပ်သည့် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းများ ပြည့်မီအောင်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၈ ဘီလီယံမှ ၁၁ ဘီလီယံအထိ ဆုံးရှုံးမှုရှိနေကြောင်း၊ ထို့အတူ သီးထပ်စွမ်းအားများ ပြည့်မီရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်တက်လာမည်ဖြစ်ပြီး အရည်အသွေးပြည့်မီသည့်ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ ပိုမိုတင်ပို့သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီဝင်တည်ရှိနေမှုအနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ကြီးမားသည့်ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးသွားကြစေလိုကြောင်း။
ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ အဆောက်အဦများ၊ လမ်း၊ တံတားများရှိပြီး ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နောင်အနာဂတ်တွင် အဆောက်အဦများ ဆောက်လုပ်ရာ၌ ရစ်ချ်စတာစကေး ၈ အဆင့်အထိ ခံနိုင်ရည်ရှိသည့် အဆောက်အဦများကို ဆောက်လုပ်သွားရန်မူဝါဒ ချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံသားများအတွက်သာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့်ကြပ်မတ်ကွပ်ကဲသွားကြရန်လိုကြောင်း၊ ငလျင်သဘာဝဘေးနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် ငွေကြေးကုန်ကျမှုများကိုမကြည့်ဘဲ ယခုထက်ပိုသည့်၊ စိတ်ချရသည့်၊ ခိုင်ခံ့မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ခံယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဆွေးနွေးပွဲတွင် ငလျင်သဘာဝဘေးအလွန် ပြန်လည်ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ ဆောင်ရွက်ရန်လိုအပ်သည်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် အကြံပြုတိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် သာသနာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာရှင်များက “မြန်မာပြည် ဇာမဏီ” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများအားလှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပ ဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့်ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်၍ မေ ၃၀ မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
- Log in to post comments