ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂ဝ၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
နေပြည်တော် ဇွန် ၆
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ယနေ့တွင် ၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
သစ်ပင်များစိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုကို ထိန်းသိမ်းရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် သစ်ပင်များစိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုကို ထိန်းသိမ်းရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ အရိပ်အာဝါသကောင်းမွန်ပြီး စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို လူတိုင်း ကြိုက်နှစ်သက်ကြကြောင်း၊ သဘာဝက ပေးထားသည့် စိမ်းလန်းစိုပြေမှုများ လူများကြောင့် ထိခိုက်လျော့နည်းလာမှုကို လူများကပင် ပြန်လည်ထိန်းသိမ်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ သစ်ပင်များစိုက်ပျိုးပေးကြခြင်းဖြစ်ပြီး တိုင်းစစ်ဌာနချုပ်အသီးသီး၌လည်း သစ်ပင်စိုက်ပျိုးပွဲများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပ၍ သစ်ပင်များစုပေါင်းစိုက်ပျိုးလျက်ရှိကြောင်း။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ရေဆင်းဆည်ပတ်ဝန်းကျင်၌ ၂၀၁၁ ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးမှုများဆောင်ရွက်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့မှုမှာ ၄၁ ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း၊ တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် မိမိတို့စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း အစကောင်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းများကို ပိုမို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ရေဝေရေလဲတောများရှိပါက ရေထိန်းသိမ်းမှုများကို ပိုမိုဆောင်ရွက်နိုင်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အလားတူ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်သည်” ဟု ဆိုရိုးရှိကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးမှုများကို အကျိုးရှိစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း။
ပြီးခဲ့သည့်နှစ်အတွင်း မိမိတို့နိုင်ငံအတွင်း မုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှုများကို ခါးသီးစွာ ခံစားခဲ့ရကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူများကြောင့် ပျက်စီးမှုများရှိသကဲ့သို့ သဘာဝတရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့် ထိခိုက်မှုများလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကိုလည်း စာအုပ်စာပေဖတ်ရှုမှုများမှတစ်ဆင့် ပိုမိုပြည့်စုံ စွာဖြင့် လေ့လာသိရှိနိုင်
အသိပညာ၊ အတတ်ပညာများသည် စာအုပ်စာပေများဖတ်ရှုခြင်းအားဖြင့် ရရှိမည်ဖြစ်ပြီး မိမိတို့ဘဝအတွက် များစွာအထောက်အကူပြုစေကြောင်း၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနှင့် ထိန်းသိမ်းရန်လိုအပ်မှုများကိုလည်း စာအုပ်စာပေဖတ်ရှုမှုများမှတစ်ဆင့် ပိုမိုပြည့်စုံစွာဖြင့် လေ့လာသိရှိနိုင်ကြောင်း၊ မည်သည့်အရွယ်ပင်ဖြစ်စေ မိမိတို့တတ်နိုင်သမျှ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် ဘဝအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်သောကြောင့် စာအုပ်စာပေ များကို အမြဲမပြတ်ဖတ်ရှုလေ့လာကြစေလိုကြောင်း၊ မိမိတို့ကိုယ်တိုင် ဖတ်ရှုသကဲ့သို့ မိမိတို့ မိသားစုဝင်များ၊ မိမိတို့ကွပ်ကဲအုပ်ချုပ်ရသူများကိုလည်း စာအုပ်စာပေများဖတ်ရှုစေပြီး အသိပညာများ မျှဝေပေးကြစေလိုကြောင်း၊ အလားတူ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရည်မြင့်မားစေရေး အခြေခံပညာမှစ၍ အဆင့်မြင့်ပညာများ သင်ကြားပြီးဆုံးသည်အထိ တက်ရောက်ကြစေရေး နိုင်ငံ၏တစ်ထောင့်တစ်နေရာမှ အားပေးလုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးကြသည်။
၂ဝ၁၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂ဝ၃,၆၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်
ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ပထမ အကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃,၆၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၅၂,၈၄၄ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၈,၀၄၃ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၅၀၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၇,၀၂၂ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄,၇၅၈ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၁,၉၂၅ ပင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ၁၅,၇၇၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၉,၅၇၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၈,၀၉၄ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၆,၈၂၀ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၉,၁၄၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၀,၀၄၁ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၈,၇၅၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင် ၁၅၂,၈၄၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments