Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများနှင့် ကရင်တိုင်းရင်းသားအပေါင်းတို့ခင်ဗျာ

ယနေ့ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားအားလုံး ဂုဏ်ယူတန်ဖိုးထားကြသည့် နှစ်သစ်ကူးမင်္ဂလာနေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ နှစ်သစ်အခါသမယတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းစသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ် တစ်ဦးတန်ဖိုးထားလေးစား၍ အတူတကွနေထိုင်လာခဲ့ကြပါသည်။ မွေးဖွားရာဇာတိ နေထိုင်ရာအရပ်ဒေသ ပြောဆိုသုံးနှုန်းသည့်စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အေးအတူပူအမျှ၊ မရှိအတူရှိအတူ စည်းလုံးညီညာစွာဖြင့် ဆွေမျိုးသားချင်းပမာ လက်တွဲနေထိုင်ခဲ့ကြသည်။ ကရင်အမျိုးသားဆိုသည်မှာလည်း ကရင်မျိုးနွယ်စုတစ်ခုချင်းစီတို့၏ အမျိုးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့်မသက်ဆိုင်ဘဲ အားလုံးသော ကရင်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင် အနွယ်တူလူမျိုးများအားလုံးကို ပေါင်းစည်းဆိုလိုခြင်းဖြစ်ပါသည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် ကောင်းမြတ်သော ကရင်သက္ကရာဇ်နှစ်၏ ပထမနေ့ဖြစ်ပါသည်။ နှစ်သစ်အလို့ငှာ ပြာသိုလဆန်း (၁) ရက်နေ့ကျရောက်သောအခါ ကရင်အမျိုးသားများသည် အိမ်သစ်များကို တည်ဆောက်ကြခြင်း၊ ပစ္စည်းများကို အသစ်ပြုပြင်ကြခြင်းများ ဆောင်ရွက်ကြသည်ဟု သိရှိရပါသည်။ ထို့အပြင် တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များသတ်မှတ်ကြသည်။ ဤကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို အားလုံးသောကရင်တိုင်းရင်းသားများက အလေးထားဂုဏ်ယူ နေရာတိုင်းတွင် အသိအမှတ်ပြုကြကြောင်းသိရှိရပါသည်။

ကရင်ပြည်နယ်၏ အထင်ကရသင်္ကေတသည် သံလွင်မြစ်ဖြစ်သကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေးမှုသင်္ကေတသည် ဖားစည်နှင့်ကျွဲချိုဖြစ်ပါသည်။ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲနှင့် လိပ်ပြာခေါ်ပွဲ စသည့်ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်များရှိပြီး ကရင်ဒုံးယိမ်းအကသည် မြူးကြွသွက်လက်၍ လူကြိုက်များသောအကတစ်မျိုးဖြစ်ပါသည်။

ထို့အပြင် ကရင်လူမျိုးတို့သည် ကိုးကွယ်ရာဘာသာအလိုက် ရုပ်တုကိုးကွယ်သူကရင်များက နတ်များကို ကိုးကွယ်ပသခြင်း၊ ဗုဒ္ဓဘာသာကရင်များက ဘုရားရှိခိုးကြခြင်း၊ ကျောင်းဇရပ်သွားခြင်း၊ ကောင်းမှုကုသိုလ်အလှူဒါနများပြုလုပ်ခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်း၊ ခရစ်ယာန်ဘာသာ ကရင်များက ဘုရားရှိခိုးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း စသည်တို့အပြင် သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ်စုအားလုံးတို့သည် ဘာသာရေးပွဲတော်များကို ပြုလုပ်ကြခြင်းရှိကြပါသည်။ ထို့ကြောင့် ကရင်အမျိုးသားများ၏ သမိုင်းတွင် ဤကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပျော်ပွဲရွှင်ပွဲများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနား ကျင်းပလျက်ရှိကြပါသည်။

တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများမှာလည်း လျော့နည်းတိမ်ကောပပျောက်မှုများဖြစ်လာနိုင်သဖြင့် အလေးထား ထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပါသည်။

ကရင်တိုင်းရင်းသားများ၏ ဘိုးဘွားဘီဘင်အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စာပေ၊ စကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသကဲ့သို့ ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကိုလည်း နောင်အနာဂတ်တိုင်းရင်းသားလူငယ်များက ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့၏ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းဖော်ဆောင်ကြရန် နှစ်သစ်ကူးအခါသမယတွင် အလေးအနက်ဖိတ်ခေါ်လိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ

ကရင်ပြည်နယ်အတွင်း ရှိနှင့်ပြီးဖြစ်သည့် သယံဇာတအရင်းအမြစ်များနှင့် အခြေခံကောင်းများကို အသုံးချ၍ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများတိုးတက်လာပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ကရင်ပြည်နယ်သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါသည်။

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးအင်အားကောင်းလျှင် တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် စီးပွားရေးအားကောင်းအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့က ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်ငံလုံးသာယာဝပြောလာနိုင်မည်ဖြစ်ပါသည်။

လူမှုစီးပွားဟုဆိုရာတွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ပါဝင်ပြီး ပညာရေးသည် အဓိကကျပါသည်။ ပညာတတ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ရာ လူငယ်များပညာသင်ကြားနိုင်ရေးနှင့် ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်ရေး ဆောင်ရွက်ပေးရန်လိုပါသည်။

မိမိတို့နိုင်ငံတွင် လုံးဝကျောင်းမနေဖူးသူများရှိနေပြီး ကျောင်းနေသူများတွင်လည်း အဆင့်အလိုက် ကျောင်းထွက်မှုများနေသည်ကို တွေ့ရပါသည်။

အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျောင်းမနေဖူးသူ ပိုမိုများပြားသည်ကိုတွေ့ရပြီး ပြည်နယ်အချို့တွင် ကျောင်းမနေဖူးသူရာခိုင်နှုန်းမှာ ပြည်ထောင်စု၏ ပျမ်းမျှနှုန်းထက် ပိုမိုများပြားသည်ကို တွေ့ရပါသည်။ စာရင်းများအရ ကရင်ပြည်နယ်တွင် အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် ပညာရေးကဏ္ဍတွင် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားလိုပါသည်။

ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံ၏စီးပွားရေးကို အဓိကထား ဆောင်ရွက်ပေးနေခြင်းဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထားမြှင့်တင်ပေးရန် လိုအပ်ပါသည်။ ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်မှသာ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်မည်ဖြစ်ရာ တစ်နိုင်ငံလုံး ကျေးလက်ဒေသများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးသည် အသိပညာ၊ အတတ်ပညာကြွယ်ဝရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ်ပညာတတ် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်လည်း လိုအပ်နေကြောင်းတွေ့ရပါသည်။ အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာရမည်ဖြစ်၍ လူငယ်များပညာသင်ကြားရေးကို အလေးထားဆောင်ရွက်ကြမှသာ နိုင်ငံတော်၏ အနာဂတ်ကောင်းကျိုးကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

မိမိတို့ပြည်နယ်အပါအဝင် နိုင်ငံတော်ကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါသည်။ အနာဂတ်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာကြမည့်လူငယ်များသည် မိမိတို့အတွက် အသိပညာ၊ အတတ်ပညာများ တိုးတက်သည်ထက် တိုးတက်အောင် ရှာဖွေဖြည့်ဆည်းနေကြရမည်ဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာကို တန်ဖိုးထားသည့် စိတ်ဓာတ်များမွေးမြူနိုင်ရေးကိုလည်း သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလှမ်းဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လူမှုစီးပွားဘဝများမှာလည်း နိမ့်ကျနေမည်ပင်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်ပါသည်။

ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနှင့်အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိနေပါသည်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် ကရင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကျော်လွှားနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်လာနိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ပြည်သူလူထုနှင့်နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပင်ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ရာ ထိုသို့ မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့်လက်နက်ကိုင်သံသရာမှရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်ကြောင်း တိုက်တွန်းဖော်ပြအပ်ပါသည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံနှင့်ပြည်သူအားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာ၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်း အမှန်ပေါ်မှငြိမ်းချမ်းစွာ လျှောက်လှမ်းကြရန် လွန်စွာအရေးကြီးလှပါသည်။

ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်မှာ အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း အသိပေးမှာကြားလိုပါသည်။

ယနေ့ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင်ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသည့် တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူအဆင့်ဆင့်တို့က ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် ကရင်အမျိုးသားနှစ်သစ်ကူးအခါသမယတွင် တိုက်တွန်းနှိုးဆော်ရင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့အပ်ပါသည်။

                                                                                        ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်

                                                                                 နိုင်ငံတော်ဝန်ကြီးချုပ်

                                                                                        ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ