Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

( ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် )

 

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား -

ယနေ့ကျရောက်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ဘာသာစကားများကို ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်ပါသည်။ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးတို့သည် နိုင်ငံ၏ နေရာဒေသအသီးသီးတွင် ယှဉ်တွဲစုပေါင်း၍ စည်းလုံးညီညွတ်စွာနေထိုင်လာခဲ့သည်ကို သမိုင်းအထောက်အထားများက ခိုင်မာစွာသက်သေပြလျက်ရှိပါသည်။

ကရင်ပြည်နယ်တွင်လည်း ကရင်တိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းကပင် အခြားပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ အတူတကွနေထိုင်လာခဲ့ကြပါသည်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုသို့လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ပြည်ထောင်စုကြီး၏ ဒေသအသီးသီးတွင် နေထိုင်သည့်တိုင်းရင်းသားလူမျိုးများသည် သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြပြီး လွတ်လပ်ရေးကို အတူတကွရယူခဲ့ရာတွင်လည်း ကရင်တိုင်းရင်းသားများသည် မျိုးချစ်စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းနှင့်ပြည်နယ်များ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ကရင်တိုင်းရင်းသားအများစုနေထိုင်သည့်ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် စတင်ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအမှတ် ၆၂ အရ သံလွင်ခရိုင် ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယင်းနောက် ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေးအက်ဥပဒေအမှတ် ၁၄ အရ သံလွင်ခရိုင်နှင့်ဆက်စပ်ဒေသများဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့ကို ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခဲ့ပြီး ၆ မြို့နယ်ဖြင့်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် မြဝတီမြို့အား မြို့နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့၍ စုစုပေါင်းမြို့နယ် ၇ မြို့နယ်ဖြင့်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်ခဲ့သည့်နေ့ ရာသီအချိန်အခါအရ ဆောင်းဦးကာလ၊ သာယာသည့်အချိန်အဖြစ်သတ်မှတ်ကာ ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်မှစတင်၍ ကရင်ပြည်နယ်နေ့ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ဂုဏ်ယူကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်းတွင် ကရင်တိုင်းရင်းသားများနှင့်အတူ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ မွန် အစရှိသည့် တိုင်းရင်းသားများသည် အတူတကွချစ်ကြည်အေးချမ်းစွာ နေထိုင်လျက်ရှိကြပါသည်။ ကရင်ပြည်နယ်သည် နိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ရာသီဥတုမျှတကောင်းမွန်၍ သဘာဝအရင်းအမြစ်များဖြစ်သည့် မြစ်ချောင်းများ၊ ရေတံခွန်စိမ့်စမ်းများ၊ မြင့်မားစိမ်းစိုသည့်တောင်တန်းများ၊ စိမ်းလန်းစိုပြည်သောသစ်တောများရှိသည့်အပြင် ဇွဲကပင်တောင်၏ သဘာဝအလှတရားသည်လည်း ကရင်ပြည်နယ်၏ အမှတ်သင်္ကေတတစ်ခုအဖြစ် တည်ရှိပါသည်။ ထို့အပြင် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် စေတီပုထိုးများနှင့် လှပသော သဘာဝလိုဏ်ဂူများ၊ ချစ်ခင်မြတ်နိုးဖွယ်ရာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ပိုင်ဆိုင်ထားသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ကရင်တိုင်းရင်းသားဆိုသည်နှင့် ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးအကသည် ဖားစည်သံနှင့်အတူ ဇွဲကပင်တောင်တည်ရှိရာနေရာ အထင်ကရဒေသအဖြစ် ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ထင်ရှားပါသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုအမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များ အချင်းချင်းအထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ် မဲမသမာမှုများကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အမှန်တရားကို မျက်ကွယ်ပြု၍ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်အပါအဝင် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က တည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီး တိုင်းရင်းသားပြည်သူများ အေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့သည့် ကရင်ပြည်နယ်ဒေသအချို့မှာ ယခုအခါ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခခံစားနေရသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပါသည်။ ထို့ကြောင့် အမှန်ကို အမှန်အတိုင်း ရှုမြင်ပြီး ပြည်နယ်အေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန် အချိန်အခါဖြစ်ကြောင်း သက်ဆိုင်သူများအား အသိပေးပြောကြားလိုပါသည်။

နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ပိုမိုကြိုးစားဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။ ထို့ပြင် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၅/၂၀၂၅) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် (၁၀၀) မြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသော၊ ဂုဏ်သိက္ခာရှိသော အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ ရွေးကောက်ပွဲအောင်မြင်ရန်မှာ ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများ လိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းပြောကြားလိုပါသည်။

 

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်စေရေး စသည့်လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိပြီး နိုင်ငံ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် အကြားအလပ်မရှိ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရေး၊ လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေး၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်များရရှိကာ လူတိုင်းဝင်ငွေရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်များချမှတ်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်ဖျက်ဆီးမှုအန္တရာယ်များကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးထားတိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများနှင့်အတူ နိုင်ငံနှင့် လူမျိုးအပေါ်ကျရောက်လာမည့် မည်သည့်အခက်အခဲအကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အခြေခံတို့ဖြင့် လက်တွဲညီညီ ပူးပေါင်းရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ပါသည်။

 

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ

ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့်ကရင်ပြည်နယ်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ထို့ပြင် ယနေ့အချိန်တွင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံတော်ကြီးအား စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် တွေ့ကြုံလာရမည့်အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ စုပေါင်းစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး ယနေ့ကျရောက်သော နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို ရယူခံစားနိုင်သူများဖြစ်ကြပါစေ၊ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဂုဏ်ယူဖွယ်ရာပြည်နယ်ကြီးအဖြစ်တည်ရှိနေစေရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။