Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ငလျင်ဒဏ်ကြောင့် ဆင်သေရေလွှဲဆည်ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်

မတ်လ ၂၈ ရက်နေ့၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆင်သေရေလွှဲဆည်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဆင်သေရေလွှဲဆည်၏ ရေပေးမြောင်းမကြီးတစ်လျောက်နှင့် လက်တံမြောင်းများ၏ ကျောက်နံရံများ ပြိုကျပျက်စီးခဲ့မှုအခြေအနေများ၊ အဆိုပျက်စီးခဲ့သည့် ရေလွှဲဆည်အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၈ ရက်နေ့တွင် စတင်ဆည်ရေများ ပြန်လည် ပေးဝေနိုင်ခဲ့မှုအခြေအနေများ၊ စိုက်ဧကများ ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက် နံနက် ၃ နာရီတွင် ဆင်သေရေလွှဲဆည် ကျောက်နံရံအောက်မှ ထူးပေါက်ဖြစ်ပေါ်ခဲ့ပြီး ရေထိန်းနိုင်မှုမရှိဘဲ ရေလွှဲဆည်မှရေများ ဆင်သေချောင်းအတွင်းသို့ စီးဆင်းသွားခဲ့ရာ နွေစပါးနှင့်အခြားသီးနှံစိုက်ဧက ၁၀၈၄၈ ဧကသို့ ရေပေးနိုင်မှု ခေတ္တရပ်တန့်ခဲ့ရသည့် အခြေအနေနှင့် ထူးပေါက်ဖြစ်သောနေရာ၏ အထက်ဘက်မြေသားဖြင့် ပိတ်ဆို့နိုင်ရေးစီမံ၍ ယာယီမြေသားတမံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆည်ရေသောက်လယ်များသို့ အချိန်တိုအတွင်း ရေပေးဝေနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မတ် ၂၈ ရက်နေ့နှင့် ဧပြီလ ၁၂ ရက်နေ့ ငလျင်ဒဏ်ကြောင့် ထူးပေါက်မှတစ်ဆင့် ရေပိုလွှဲဆည်အတွင်း ရေများ လေလွှင့်ဆုံးရှုံးရမှုအခြေအနေနှင့် ယာယီပြုပြင်နေမှု၊ ဆည်ရေသောက်လယ်များသို့ လက်ယာ/လက်ဝဲမြောင်းများမှ ရေအမြန်ဆုံးပေးဝေနိုင်ရေး စက်န္တယားများဖြင့် ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ဆင်သေရေလွှဲဆည်သည် ဆင်သေချောင်းပေါ်တွင် တည်ဆောက်ထားရှိပြီး ရေဆင်းဧရိယာ ၈၀ စတုရန်းမိုင်၊ အကျယ် ပေ ၉၃၀၊ တမံအမြင့် ပေ ၂၀ ရှိသည့် သံကူကွန်ကရစ်အမျိုးအစား ရေလွှဲဆည်ဖြစ်ပြီး ဆင်သေချောင်းမှတဆင့် လက်ယာတူးမြောင်းသို့ တိုက်ရိုက်ရေသွင်းနိုင်ရေးနှင့် လက်ဝဲတူးမြောင်းသို့ ရေစုဆောင်းလျက် အမြန်ဆုံး ရေတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ လက်ယာတူးမြောင်းမှ ဧပြီ ၁၇ ရက်တွင်လည်းကောင်း၊ လက်ဝဲတူးမြောင်းမှ ဧပြီ ၂၂ ရက်နေ့တွင်လည်းကောင်း ဆည်ရေသောက် ဧကများအားလုံး ရေဖြန့်ပေးဝေနိုင်မည်ဖြစ်ကြောင်းသိရပြီး တစ်ချိန်တည်းမှာပင် ထူးပေါက်ပျက်စီးသွားသည့် တမံအပိုင်းနှင့် ရေထွက်ပေါက်များ ပျက်စီးနေမှုကို စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီမြေသားတမံတည်ဆောက်၍ ရေစုဆောင်းခြင်းလုပ်ငန်းများအား အဆင့်လိုက်၊ အပိုင်းလိုက် တာဝန်ရှိသူများမှ စက်န္တယားများဖြင့် နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆင်သေရေလွှဲဆည်အထက်ပိုင်းရှိ ဆင်သေရေလှောင်တမံမှာ တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးရှိ ရေဆင်းဧရိယာ ၃၈၀ စတုရန်းမိုင်၊ တမံအလျား ၁၃၅၀ ပေ၊ တမံအမြင့် ၁၀၉ ပေရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အနည်းငယ်သာ ထိခိုက်ခဲ့ပြီး ဘူမိရူပဗေဒတိုင်းတာစနစ်နှင့် မျက်မြင်စစ်ဆေးချက်များအရ တမံ၏ ကြံ့ခိုင်မှုအား ထိခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ဆင်သေရေလှောင်တမံ၏ အခြေအနေမှာ စိုးရိမ်ဖွယ်မရှိကြောင်း သတင်းရရှိသည်။