Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့် အဖွင့်ဂုဏ်ပြုမိန့်ခွန်း

(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်)

 

အားလုံးမင်္ဂလာပါ။

 

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဆေးပညာကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွေကို ၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် (၂၃)ကြိမ်မြောက် ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။ ယခုနှစ် ညီလာခံကို “တိုင်းရင်းဆေးပညာ သင်ကြားရေးဆိုင်ရာအရည်အသွေး အသိအမှတ်ပြုနိုင်စေရန်” “တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်” “အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်”  “မြန်မာ့ တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန်” ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ ညီလာခံနဲ့ နှီးနှော ဖလှယ်ပွဲတွေကို နှစ်စဉ်ကျင်းပပေးနေရခြင်းက မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာ ပြည်သူလူထုရဲ့ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးတွေနဲ့ ထိထိရောက်ရောက် စောင့်ရှောက်ကုသမှုပေးခဲ့ကြတဲ့ အစဉ်အလာအတိုင်း ပြည်သူလူထုရဲ့ ကျန်းမာရေးကို မိမိနိုင်ငံရဲ့ တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးတွေနဲ့ ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။

 

ဒီနေ့အချိန်အခါဟာ နိုင်ငံတော်ရဲ့ အမျိုးသားရေးဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မယ့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လူသားအရင်းအမြစ်ဟာ အဓိကကျပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနဲ့သာ နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အဆင့်အတန်း မြင့်မားလာစေရေးအတွက် ပုံဖော်စွမ်းဆောင်နိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို ဖွင့်လှစ်ပြီး မြန်မာ့တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။

 

ပြည်သူများရဲ့မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေဖို့နဲ့ လူတိုင်းလက်လှမ်းမီ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားလုံးရရှိစေဖို့အတွက် တိုင်းရင်းဆေးသမားတော်များနဲ့ လုပ်ငန်းရှင်များကလည်း တိုင်းရင်းဆေးကဏ္ဍကနေ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တွေ ဖြစ်တဲ့ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊ နက္ခတ္တ နယဆိုတဲ့ နယကြီးလေးပါးကို အခြေတည်ပြီး လက်တွေ့ ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့ ကုထုံးများ၊ စာပေမှတ်တမ်းများ၊ ခေတ်အဆက်ဆက် ရေးသားခဲ့တဲ့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပေ၊ ပုရပိုက်များ၊ စာပေကျမ်းဂန်တွေနဲ့ ဆေးကျမ်းတွေဟာ တန်ဖိုးအလွန်ကြီးမားပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး လက်ဆင့်ကမ်းမျှဝေပေးဖို့နဲ့ ပိုမိုတိုးတက်လာစေဖို့ကတော့ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

 

ဒီနှစ် နှီးနှောဖလှယ်ပွဲမှာ စာတမ်း(၁၃)စောင်ကို ဖတ်ကြားသွားမယ်လို့ သိရပါတယ်။ အဲဒီစာတမ်းတွေမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာဆေးဝါးတွေ၊ ကုထုံးတွေပါဝင်နေတာ တွေ့ရှိရတဲ့အတွက် တိုင်းရင်းသားတွေ လက်တွေ့အသုံးပြုနေတဲ့ အဆိုပါဆေးဝါးတွေနဲ့ ကုထုံးတွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ အလေးထားမှာကြားလိုပါတယ်။

 

ဆက်လက်ပြီးတော့လည်း အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းတဲ့၊ အကျိုးအာနိသင်ရှိတဲ့ တိုင်းရင်းဆေးဝါးတွေကို အများပြည်သူသုံးစွဲနိုင်ဖို့အတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပြီး မှတ်တမ်းတင်ထားရှိဖို့လိုပါတယ်။ ဆောင်ရွက်ပြီး သုတေသနတွေကို မှတ်ကျောက်တင်နိုင်ဖို့အတွက် နှစ်စဉ်စာတမ်းဖတ်ပွဲတွေကို ကျင်းပပေးခဲ့ရာမှာ ယခုနှစ်မှာ (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးသမားတော်တွေ သုတေသနပညာရှင်တွေ၊ ဆေးဝါးပညာရှင်တွေ၊ နှီးနွှယ်ပညာရှင်တွေနဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်သူတွေ အားလုံးတို့က မျက်ခြည်မပြတ် ဆန်းစစ်လေ့လာပြီး ကြိုးပမ်းအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကပြုလုပ်ခဲ့တဲ့ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဆောင်ရွက်ခဲ့မှုတွေကို မှတ်တမ်းစာအုပ်အဖြစ် ပြုစုထားတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

 

ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းဆေးပညာကို ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံတကာကို ပညာသင်များစေလွှတ်ပြီး နည်းပညာများသင်ယူခြင်း၊ မျှဝေခြင်း၊ မိမိနိုင်ငံနဲ့ လိုက်လျောညီထွေ ပြန်လည်အသုံးချပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တာတွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) နဲ့ တရုတ်နိုင်ငံ ယူနန်တိုင်းရင်းဆေးတက္ကသိုလ်တို့ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ တွေ့ရလို့ ဝမ်းမြောက်မိပါတယ်။

 

နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ တိုင်းရင်းဆေးပညာနဲ့ ပါဝင်အားဖြည့်နိုင်ဖို့အတွက် တိုင်းရင်းဆေးကဏ္ဍကို အလေးအနက်ထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ နိုင်ငံတော်ရဲ့ အားပေးမှုနဲ့အတူ တိုင်းရင်းဆေးပညာရှင်များကလည်း ပြည်သူလူထုရဲ့ကျန်းမာရေးကို အစဉ်အမြဲ စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သဘာဝဘေး အန္တရာယ်နဲ့ကပ်ရောဂါများ တွေ့ကြုံရင်ဆိုင်လာရင်လည်း ပြည်သူကို တိုင်းရင်းဆေးပညာနဲ့ စောင့်ရှောက်ကူညီပေးနေတာတွေ့ရလို့ ကျေနပ်အားရမိပါတယ်။

 

ဒါ့အပြင် နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တိုးတက်ကောင်းမွန်လာတဲ့ စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြုပြီး (MSME) စက်မှုလုပ်ငန်းတွေကို အားပေးဆောင်ရွက်ရေးနဲ့ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ တိုင်းရင်းဆေးကုန်ကြမ်းတွေကို အခြေခံတဲ့ မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်ကုန်တွေရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME)တွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီ ပံ့ပိုးပေးလျက် ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး MSME လုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်မှသည် ပြည်ပပို့ကုန်အထိ ဖြစ်စေရေးအတွက် တိုင်းရင်းဆေးဝါးတွေကို အရည်အသွေးမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာ့တိုင်းရင်းဆေးပညာအဆိုအရ သက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းနိုင်စေဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ သမုဋ္ဌာန်လေးပါးနည်းစနစ်နဲ့အညီ ပြုမူနေထိုင်စားသောက်ရင် ကျန်းမာခြင်းအကျိုးရရှိမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေး ပညာရှင်တွေက ကျေးလက်ဒေသအောက်ခြေအထိ ကွင်းဆင်းဆေးကုသခြင်းနဲ့အတူ ပြည်သူလူထုကို တိုင်းရင်းဆေးပညာနည်းစနစ်တွေ နေ့စဉ်မျှတစွာ ပြုမူနေထိုင် စားသောက်တတ်ကြစေဖို့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာ တွေ့ရတဲ့အတွက် ဝမ်းသာကျေနပ်အားရမိပါတယ်။ ယခုထက်ပိုမိုပြီး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နှစ်စဉ်ကျင်းပပေးတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ အရှည်တည်တံ့စွာ စောင့်ရှောက်နိုင်ပြီး ပြည်သူတွေအနေနဲ့လည်း တိုင်းရင်းဆေးပညာကို ပိုမိုယုံကြည်လေးစား အားကိုးအားထားပြုနိုင်ကြစေဖို့ ဖြစ်ပါတယ်။ ဒီလိုရည်မှန်းချက်နဲ့ တွေ့ဆုံကြတဲ့ ဒီညီလာခံကြီးမှာ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနတွေက ပညာရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းဆေး ပညာရှင်များ ချစ်ခင်ရင်းနှီးစွာဖြင့် စုပေါင်းညီညာ တိုင်ပင်ဆွေးနွေးနှီးနှောနိုင်ကြပါစေ၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပြီး ပြည်သူလူထုရဲ့ကျန်းမာရေးကို အရည်အသွေးပြည့်ဝစွာနဲ့ ပိုမိုတိုးမြှင့်စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။