Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား

နေပြည်တော်၊ မတ် – ၁၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် အဖြစ်လည်းကောင်း မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ သွားရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှဲဗာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

ထိုသို့ ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မီဒီယာများ၏ သီးသန့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားချက်

 

ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားကြည့်မယ်ဆိုရင် တစ်ကယ့်ဆုံချက်မှာ ရှိတယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံ မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲ ဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တစ်ကယ်ကို လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာလည်း ဦးစားပေးပြီးတော့ ကျွန်တော် ဆောင်ရွက်ပေးမယ်။ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီး ကျန်ခဲ့တဲ့တိုင်းရင်းသားနယ်မြေတွေ အားလုံးကို ကျွန်တော် ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်။ အခုထိ တတ်နိုင်သမျှ ကျွန်တော် လုပ်ပေးပါတယ်။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကိုသွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့က လွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာ ကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ တစ်ကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေများစွာ ရှိတယ်။ ဒါတွေကို အသုံးချမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည်က မုချတိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်ရမယ်။ ဒီအတွက် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ရှာတဲ့အခါမှာ ရုရှားနိုင်ငံဟာ ကျွန်တော်တို့အတွက် ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိတဲ့နိုင်ငံ တစ်ခုအဖြစ် ကျွန်တော်တို့ မြင်တာပေါ့။ ရုရှားနိုင်ငံတင် မကပါဘူး။ နိုင်ငံတွေများစွာ ရှိပါတယ်။ သို့သော်လည်းပဲ အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှားနိုင်ငံ ဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံကို ကျွန်တော်သွားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်သူတွေ တောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစနစ်ကို သွားဖို့အတွက် ကျွန်တော်တို့က ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က အကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင်လည်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ ဒါကြောင့် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံအတွက် ပတ်သက်ပြီး ရုရှားဘက်က ကူညီမယ်လို့ သူပဲပြောတယ်။ သို့ပေမယ့်လည်း ဘယ်လာရုစ် သမ္မတကြီး H.E .Mr Alexander Gregoryevich Lukashenko ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အစစအရာရာ ပူးပေါင်းဆောင်ရွက်ပေးမယ် ကူညီပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့အတွက် ခွန်အားတွေဖြစ်သလို တိုင်းပြည်အတွက်လည်းအားတစ်ခု ကျွန်တော်တို့ ရမှာပါ။ ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားအရ ကြည့်မယ်ဆိုလို့ရှိရင် တစ်ကယ့်ဆုံချက်မှာ ရှိတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ အာဆီယံနိုင်ငံမှာ အနောက်ဘက်အကျဆုံးနိုင်ငံ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ လူဦးရေသန်းပေါင်း ၁ ဒသမ ၄ ဘီလီယံ ကျော်လောက်ရှိတဲ့ အိန္ဒိယနိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အရှေ့တောင်ဘက်မှာ လူဦးရေ သန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ်နိုင်ငံ ရှိတယ်။ ဒီသုံးမျိုး ပေါင်းလိုက်လို့ရှိရင် ၄ ဘီလီယံ နီးပါးလောက် လူဦးရေရှိတယ်။ အဲဒီတော့ သွားမယ့်နေရာဆုံချက်ကို ကြည့်မယ်ဆိုရင် တောင်ဘက်ကိုသွားရင် အိန္ဒိယသမုဒ္ဒရာ ရောက်သွားမယ်။ မြောက်ဘက်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံကို ဖြတ်ပြီး ရုရှားနိုင်ငံကို ရောက်သွားမယ်။ အနောက်ဘက်ကိုသွားမယ်ဆိုရင် အိန္ဒိယနိုင်ငံကို ရောက်သွားမယ်။ အရှေ့တောင်ဘက်ကိုသွားမယ်ဆိုရင် အာဆီယံနိုင်ငံတွေ အကုန်ရောက်သွားမယ်။ မြန်မာနိုင်ငံကလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံ မရှိဘူး။ ကျွန်တော်တို့နိုင်ငံက အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့ သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တစ်ကယ်ကို လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ EAO တွေကိုလည်း ကျွန်တော် ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲ ပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့သွားတာ ကောင်းတယ်။ ကျွန်တော်တို့ ပြောတယ်။ ကျွန်တော်တို့ တစ်အချက် ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ်ရတယ်။ တစ်ဖက်သတ်အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ဦးစားပေးပြီး ကျွန်တော် ဆောင်ရွက်ပေးမယ်။ အခုထိ ကျွန်တော် တတ်နိုင်သမျှ လုပ်ပေးပါတယ်။ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေး ကုန်ထုတ်လုပ်ငန်းတွေကို မလွတ်ဘူး။ အနာဂတ်အတွက် သိပ္ပံနဲ့နည်းပညာကို ကျွန်တော်မလွတ်ဘူး။ သူတို့က စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းမှာ အခြေခံတဲ့ စက်မှုလုပ်ငန်းတွေက အများကြီး ကောင်းတယ်။ သိပ္ပံနည်းပညာမှာလည်း အများကြီး ကောင်းတယ်။ သူတို့က အနိမ့်တစ်ခုနဲ့ အမြင့်တစ်ခုအားလုံးကို အတူတူ ပေါင်းစပ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက် လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော် ပြောရဲပါတယ်။ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီဟာက ကျွန်တော်တို့တိုင်းပြည်အတွက် အကျိုးအမြတ် မုချရှိမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။