Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား လက်ခံတွေ့ဆုံ

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား မတ်လ ၆ ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့၊ President ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။