Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

 

မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိပြီး နေပြည်တော်ရှိ KMA Hotel ၌ ခေတ္တသီတင်းသုံးတော်မူလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးတစ်ပါး ဖြစ်သော His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက် ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့်အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သည့် အခြေအနေများ၊ ယခုကဲ့သို့ ခရီးစဉ် ကြွရောက်လာသည့်အတွက် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြသည်။

 

ထိုသို့လျှောက်ထားတင်ပြရာ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ လာရောက်ဖူးမြော်မှုအတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ထေရဝါရဗုဒ္ဓဘာသာ ကိုးကွယ်မှုတွင် တူညီပြီး ယဉ်ကျေးမှုဆိုင်ရာများတွင်လည်း ခွဲခြား၍မရသည့်နိုင်ငံများ ဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များတွင် နိုင်ငံတကာမှ စာသင်သားရဟန်းများ လာရောက်၍ သင်ယူနေမှုများ အတွက်လည်း မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ယခုကဲ့သို့ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြစေကြောင်းနှင့် မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေကြောင်းဖြင့် ဆုတောင်းစကားကို ပြန်လည်မိန့်ကြားတော်မူပြီး မြန်မာနိုင်ငံအတွက် မေတ္တာပို့ ဆုတောင်းပေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ပုံစံတူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဓမ္မလက်ဆောင်များ ပေးအပ်သည်။

 

၎င်းနောက် အဓိပတိဆရာတော်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

 

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့် အဖွဲ့ဝင်များသည် ယခုလ ၂ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် သာသနိက အဆောက်အဦများနှင့် သာသနာတော်ဆိုင်ရာများကို သွားရောက်ဖူးမြော်ကြည်ညိုလေ့လာခဲ့ကြကြောင်း၊ ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများကို ဆက်လက်ဖူးမြော်ကြည်ညိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။