Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၂၈

အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီအတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ပြင်ပကျွမ်းကျင်ပညာရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိန်းကျောင်းလမ်းညွှန်မှုပြုပေး

ဦးစွာ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ -၂၀၂၅ အကောင်အထည်ဖော်မှုကို ကြီးကြပ်ဆောင်ရွက်ရန်၊ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ပို့ကုန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစီရင်ခံတင်ပြမှုများအပေါ် လေ့လာသုံးသပ်ပြီး မူဝါဒဆိုင်ရာလမ်းညွှန်မှုပေးရန်နှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းဗျူဟာများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိန်းကျောင်းလမ်းညွှန်မှုပြုပေးရန်အတွက် “အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ကို ဖွဲ့စည်းထားပြီး ကောင်စီ၏အစည်းအဝေးများကို ယခုကဲ့သို့ ကျင်းပနေခြင်းဖြစ်ကြောင်း။

အစည်းအဝေးဆုံးဖြတ်ချက်များအပါ် သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမပြုနိုင်ရေး တားဆီးဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမယ်သစ်ထုတ်ကုန်များကိုဖော်ထုတ်ပြီး ဈေးကွက်ရှာဖွေတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လည်းလိုကြောင်း၊ ကုန်သွယ်မှုဆိုရာတွင် ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းနှစ်ရပ်လုံး ပါဝင်ကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှုပမာဏ တိုးတက်ရန်အတွက် ပို့ကုန်ကို တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်သကဲ့သို့ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် သွင်းအားစုများ တင်သွင်းခြင်းဖြင့် ကုန်သွယ်မှုအားမျှခြေဖြစ်ရန်လည်း လိုအပ်ကြောင်း။

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ လျာထားချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက ပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးမှ ဆွေးနွေးရရှိမှုများအပေါ် ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို ရှေးရှုပြီး လိုအပ်သည့်လမ်းညွှန်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များကလည်း မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍများ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကောင်စီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။