Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်/ အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ဒေသအလိုက် OROP ဒေသတစ်ခုထုတ်ကုန်တစ်ခု အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ် ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် စသည် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။

ထို့အပြင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ထုတ်လုပ်လျက်ရှိသည့် ဒေသထုတ်ကုန်ပစ္စည်းများအပေါ် အားသာချက်၊ အားနည်းချက်များကို လေ့လာပြီး လိုအပ်သည်များ ပြုပြင်နိုင်စေရန်နှင့် ပြိုင်ပွဲကျင်းပခြင်းမှ နိုင်ငံတော်အဆင့် ထုတ်ကုန်အမှတ်တံဆိပ်ရရှိမှုအတွက် မိမိထုတ်ကုန်အမှတ်တံဆိပ်အတွက် အာမခံချက်အရည်အသွေးကို စားသုံးသူများ သိရှိခြင်းမှတစ်ဆင့် အကျိုးရလာဒ်ရရှိနိုင်စေရန် ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသကြမည့် ဝန်ကြီးဌာနများ၏ ခင်းကျင်းပြသထားရှိမှုများမှတစ်ဆင့် သက်ဆိုင်ရာအေဂျင်စီများ၊ လုပ်ငန်းရှင်များအနေဖြင့် MSME နှင့်ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံသို့ လိုအပ်သလို ချိတ်ဆက်နိုင်ရေး၊ အဆိုပါဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများထံမှ လုပ်ငန်းရှင်များ ရယူနိုင်မည့်အခွင့်အရေးများ၊ နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ စသည့်အခွင့်အလမ်းများရရှိစေရန် ကျင်းပခြင်းလည်းဖြစ်ကြောင်း။

MSME ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ထုတ်လုပ်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတို့တွင် Customer Behavior Changes Technology Information Investment Market Trend များပြောင်းလဲလာမှုကိုလည်း သိရှိနားလည်နိုင်ရန် ဆွေးနွေးပွဲများ ထည့်သွင်းပေးခြင်း၊ Digital စနစ်ကူးပြောင်းနေမှု၊ Online Banking စနစ် ဆောင်ရွက်နေမှုတို့အား သိရှိနားလည်လာစေပြီး ကုန်ပစ္စည်းဝယ်ယူ/ရောင်းဝယ်မှုတွင်လည်း ယခင်ဆိုင်များတွင် လူကိုယ်တိုင် ပစ္စည်းဝယ်ယူမှုစနစ်မှ Online Marketing စနစ်သို့ ပြောင်းလဲလာမှု အခြေအနေများ၊ ထုတ်ကုန်ပစ္စည်းအပေါ် ဒေသအလိုက် ပြည်သူများ၏ နှစ်သက်မှုနှင့် သုံးစွဲမှုအခြေအနေများ စသည်တို့ကို သိရှိနိုင်အောင် ကြိုးစားဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်ပြောင်းလဲလာမှုကို သိရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဆိုပါက Online Marketing နှင့် Online Payment စနစ်များကိုလည်း ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း။

ထို့အပြင် MSME ပြပွဲ၊ ပြိုင်ပွဲများမှတစ်ဆင့် ထွက်ရှိလာသည့်အဆင့်မြင့် ထုတ်ကုန်ပစ္စည်းအမယ်သစ်များ ထွက်ပေါ်လာပြီး အဆိုပါထွက်ပေါ်လာသည့် အရည်အသွေးမီကုန်ပစ္စည်းများကို ပြည်ပသို့ပို့ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရာတွင် တင်ပို့မည့်နိုင်ငံများ၏ ကုန်ပစ္စည်းလိုအပ်ချက်နှင့်တင်ပို့မှု စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ၊ နိုင်ငံတကာက လက်ခံနိုင်မည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ ဥပမာအားဖြင့် တရုတ်နိုင်ငံသို့ မိမိထုတ်ကုန်ပစ္စည်းတင်ပို့မှုတွင် General Administration of Customs of the People's Republic of China(GACC) ရရန် လိုအပ်မှုအပြင် အလားတူ အခြားနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း သိရှိနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက သတင်းအချက်အလက်နှင့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းရှင်များ သိရှိနိုင်အောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ယခုကျင်းပသည့် MSME ပြပွဲ၊ ပြိုင်ပွဲသည် လုပ်ငန်းကော်မတီက ဦးစီးကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ယခင်ကျင်းပပြုလုပ်ခဲ့သည့် အတွေ့အကြုံများကို လေ့လာသုံးသပ်ပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာ တိတိကျကျ စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစီအစဉ်၊ ဝန်ကြီးဌာနများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြခန်းများ၊ ပါဝင်ပြသကြမည့် ထုတ်ကုန်အမျိုးအစားများ၊ ပြိုင်ပွဲအမျိုးအစားများနှင့် ဆုချီးမြှင့်မည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များတွင် လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ မုခ်ဦးနှင့် ပြခန်းများ တည်ဆောက်ရေး ဆပ်ကော်မတီ၊ ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးဆပ်ကော်မတီ၊ ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှု ဆပ်ကော်မတီ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆပ်ကော်မတီ၊ လျှပ်စစ်မီးရရှိရေးဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းများနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၈၀) ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး ထုတ်ကုန်အမျိုးအစားများအတွက် ဆုအမျိုးအစားပေါင်း (၃၀)မျိုး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။