Skip to main content

(၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ- ၂၂

 

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအသင်း/အဖွဲ့များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းကြီးနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်းလုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးရုံများ၊ တိုင်းရင်းဆေးတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးမိတ် နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဗဟို ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်သည်။

 

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း Video Message ကို ဖွင့်လှစ်ပြသသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တိုင်းရင်းဆေးဝါးများနှင့် ရိုးရာဆေးပညာကုထုံးများ ရှိခဲ့ကြပြီး အနောက်တိုင်းဆေးပညာများ၊ ခေတ်မီဆေးဝါးများနှင့် ဆေးကုသမှု အတတ်ပညာများ မပေါ်ပေါက်မီကပင် ရိုးရာတိုင်းရင်းဆေးများ၊ ရိုးရာဆေးကုထုံးများနှင့် ကျန်းမာရေးကို စောင့်ရှောက်ခဲ့ကြခြင်း ဖြစ်ကြောင်း။

 

မိမိတို့ နိုင်ငံတွင်လည်း ရှေးမြန်မာမင်းများလက်ထက်ကစပြီး မိမိတို့၏ ရေမြေ သဘာဝ တောတောင်များက ရရှိသည့် ဆေးဖက်ဝင်ပစ္စည်းများနှင့် ကုသခြင်း၊ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကာလ ရှိခဲ့ပြီဖြစ်ကြောင်း၊ ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်တွင် ဆရာတော်များ၊ သမားတော်များက အာယုဗ္ဗေဒဆေးကျမ်းများကို သက္ကတ ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း၊ တိုင်းရင်းဆေးကျမ်းများ ပြုစုခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ မင်းတုန်းမင်းလက်ထက်တွင် မြန်မာ့တိုင်းရင်းဆေးပညာဖြစ်သည့် ဒေသနာနယဆေးပညာနည်းစနစ် တောင်သာခြောက်လုံးကောက် ဆေးပညာကို တောင်သာဆရာကြီး ဆရာမှုန့် က တီထွင်ခဲ့ကြောင်း၊ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသည့် အထူးကျွမ်းကျင်သော ဆေးဆရာကြီးများကို ဘုရင့်သမားတော်အဖြစ် ခန့်အပ်ပြီး “နေမျိုး ဘိသက္ကရာဇာ” ဘွဲ့ကို ပေးအပ်ချီးမြှင့်လေ့ရှိခဲ့ကြောင်း။

 

နိုင်ငံတော်က တိုင်းရင်းဆေးပညာကဏ္ဍကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ၁၉၈၉ ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းတိုးမြှင့်ပေးသည့်အတွက် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုလျင်မြန်လာခဲ့ကြောင်း၊ ၊ ၂၀၀၁ ခုနှစ်က မန္တလေးမြို့တွင် တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ်များကို မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့များ အပ်နှင်းနိုင်ခဲ့ကြောင်း၊ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကို အခါအားလျော်စွာ လုပ်ဆောင်ခဲ့ပြီး (၂၀၀၀)ပြည့်နှစ်ကစပြီး မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ (၂၃) ကြိမ်မြောက် ကျင်းပနေပြီ ဖြစ်ကြောင်း။

 

ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များအနေဖြင့် “တိုင်းရင်းဆေးပညာ သင်ကြားရေးဆိုင်ရာအရည် အသွေး အသိအမှတ်ပြုနိုင်စေရန်” “တိုင်းရင်းဆေးပညာ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်” “အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ် ပေးနိုင်စေရန်” “မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန်” တို့ ဖြစ်ကြောင်း၊ အဆိုပါရည်ရွယ်ချက်များ အောင်မြင်ရန် အကောင်အထည် ဖော်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ယခုကျင်းပသည့်ညီလာခံတွင် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတော်အစိုးရက တိုင်းရင်းဆေးအခန်းကဏ္ဍကို အလေးအနက်ထားပြီး အားပေးချီးမြှောက်ပေးလျက်ရှိနေသလို တိုင်းရင်းဆေးပညာရှင်များကလည်း ကြိုးစားအားထုတ်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ထိုသို့ ကြိုးစားအားထုတ်ကြရာတွင် ကျင့်ဝတ်နှင့်အညီ စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

 

ယခုအခါတွင် တိုင်းရင်းဆေးတက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာမဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်သလို နိုင်ငံတော်အစိုးရ၏ ချီးမြှောက်ပံ့ပိုးမှုနှင့် မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိ ပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး ပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း။

 

တိုင်းရင်းဆေးညီလာခံကြီး ကျင်းပခြင်းသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အတွေ့အကြုံရှိသည့် ဝါရင့် တိုင်းရင်းဆေးသမားတော်ကြီးများနှင့် မျိုးဆက်သစ်လူငယ်များက သိမှုသုံးဖြာ ဖြစ်သော ရောဂါဆိုင်ရာ၊ ကုထုံးဆိုင်ရာ၊ ဆေးဝါးဆိုင်ရာဆိုသည့် အတွေ့အကြုံ ဗဟုသုတများကို နှီးနှောဖလှယ်နိုင်ခြင်း၊ မျှဝေခြင်း၊ လက်ဆင့်ကမ်းအမွေပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ညီလာခံကြီးက ဆွေးနွေးရရှိသည့် ဆုံးဖြတ်ချက်များ၊ ရလဒ်များကတဆင့် ပြည်သူလူထုကို အရည်အသွေးပြည့်ဝသည့် မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ ကုထုံးများ၊ ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်လာမည်ဖြစ်ပြီး ပြည်သူများကလည်း ဘိုးဘွားအမွေအနှစ်ဖြစ်သည့် တိုင်းရင်းဆေးပညာကို လေးစားတန်ဖိုးထားပြီး ပိုမိုယုံကြည်အားကိုးလာမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များကလည်း အနာဂတ်မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ခေတ်နှင့်အညီ ဆက်လက် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း။

 

မြန်မာ့တိုင်းရင်းဆေးပညာကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့်လည်း ယခုထက် ပိုမိုချိတ်ဆက် လေ့လာပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင် အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာ ကဏ္ဍများတွင် အတူလိုက်ပါ ပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ အရည်အသွေး ပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် မြန်မာ့ တိုင်းရင်းဆေး စွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

 

ထို့အပြင် ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာ ကြီးမားသော ဆေးကျမ်းများ နှင့် အာနိသင်ထက်မြက်သည့် ဆေးဝါးများစသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ အဆီအနှစ်များကို စုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ယခုညီလာခံကြီးကနေ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြရန် မှာကြားလိုကြောင်း။

 

ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး)၏ အကျိုးထိရောက်မှုကို သုတေသန ပြုလုပ်အောင်မြင်ခဲ့ကြကြောင်း၊ ဆေးဝါး၏ အရည်အသွေးဆိုင်ရာ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း၊ လတ်တလောနှင့် ရေတိုအဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ်ခြင်း၊ ဆေး၏ ခံနိုင်ရည်အား ကျန်းမာသည့်လူများပေါ်တွင် စမ်းသပ်ခြင်းနှင့် ကိုဗစ် -၁၉ ရောဂါ အတည်ပြု သာမန်လက္ခဏာရှိ လူနာများပေါ်တွင်ဆေးလက်တွေ့ သုတေသန ပြုစမ်းသပ်ခြင်း သုတေသန အဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေ အသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထို့အပြင် လေဘေး၊ ရေဘေးစသည့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့သည့်အခါတွင်လည်း ပြည်သူလူထုကို တစ်ဖက်တစ်လမ်းက မြန်မာ့တိုင်းရင်းဆေးပညာနှင့် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ စောင့်ရှောက်ပေးကြသည်ကို တွေ့မြင်ရသည့်အတွက် အားရကျေနပ်စရာပင်ဖြစ်ကြောင်း။

 

မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့တိုင်းရင်းဆေးဝါးများ အရည်အသွေးပြည့်ဝပြီး ဘေးကင်းလုံခြုံ စိတ်ချရစေရေး၊ အရည်အသွေး ပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေးတို့အတွက် နိုင်ငံတော်၏ ပံ့ပိုးအားပေးမှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့၏ ကြိုးပမ်းမှုဖြင့် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်လာခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေဖြင့် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ၃ ရုံ၊ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ ၉ ရုံ၊ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁၃ ရုံနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၂၄ ရုံ၊ ခရိုင် တိုင်းရင်းဆေးခန်း ၅၀ ၊ မြို့နယ် တိုင်းရင်းဆေးခန်း ၂၁၀ ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်း ဆေးစွမ်းကောင်းများဖြင့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်စောင့်ရှောက်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း။

 

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆွေးနွေးဖလှယ်ခြင်းနှင့် တိုင်းရင်းဆေးဝါးများ အပြန်အလှန် ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများ ပြုလုပ်နိုင်ကြရန် တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များက စဉ်ဆက်မပြတ် ဆန်းစစ်လေ့လာပြီး ကြိုးပမ်းဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုကြောင်း၊ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများသည် မြန်မာနိုင်ငံအတွင်းရှိ တော၊ တောင်၊ ရေ၊ မြေတို့မှ ရရှိသော သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး အာနိသင်ပြည့်ဝသည့် ဆေးဝါးများကို ကိုယ်တိုင် ဖော်စပ်ထုတ်လုပ်ပြီး ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြသည့် အစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပထမဆု ရရှိ သည့် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ (ပဲခူး)၊ ဒုတိယဆုရရှိသည့် ခုတင် ၅၀ ဆံ့ တိုင်းရင်း ဆေးရုံ (တောင်ကြီး)နှင့် တတိယဆုရရှိသည့် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ (ဘားအံ)တို့မှ ဆေးရုံအုပ်များက လက်ခံရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိကြသည့် တိုင်းရင်းဆေးရုံများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိကြသည့် တိုင်းရင်းဆေးရုံများကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

 

ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်း Video ကို ပြသသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်းနှင့် ခင်းကျင်းပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက တိုင်းရင်းဆေးခြင်းအား ဂါရဝပြုပေးအပ်သည်။

 

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်သည်။

 

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် သီဆိုဖျော်ဖြေကြသည့် အနုပညာရှင်များအား ဂုဏ်ပြုဆေးခြင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။