ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြ၍ ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ခဲ့ပါသည်။ သို့သော်လည်း အရင်းရှင်နယ်ချဲ့တို့၏ အကြိမ်ကြိမ် မတရားကျူးကျော် တိုက်ခိုက်မှုများကြောင့် ၁၈၈၆ ခုနှစ်မှစ၍ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ တစ်နိုင်ငံလုံး ကျရောက်ခဲ့ပါသည်။ ကိုလိုနီနယ်ချဲ့တို့သည် ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ ပြည်မတွင်အုပ်ချုပ်ရေးအာဏာကို တိုးမြှင့်ပေးခဲ့သော်လည်း တောင်တန်းဒေသများကိုချန်လှပ်ထားခဲ့ကာ တောင်တန်းပြည်မခွဲခြား အုပ်ချုပ်ခဲ့ပါသည်။ နယ်ခြားဒေသဖြတ်သန်းရေး အက်ဥပဒေပြဋ္ဌာန်းပြီး ရှမ်းပြည်နယ်အတွင်းသို့ ပြည်မမှ လူများသွားရောက်ခြင်း မပြုနိုင်အောင် ကန့်သတ်ထားခဲ့ပါသည်။ ထို့ကြောင့် တောင်တန်းနှင့်ပြည်မကူးလူး ဆက်ဆံခွင့်မရ၊ နီးလျက်နှင့်ဝေးခဲ့ကြရပါသည်။ အချိန်ကြာလာသည်နှင့်အမျှ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် တိုင်းရင်းသားအချင်းချင်း သံသယပွား၊ မယုံကြည်မှုများဖြစ်ပွားလာခဲ့ကာ ယခုအချိန်အထိ ၎င်း၏အကျိုးဆက်ကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး ခံစားနေကြရသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။
၁၉၄၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရဘုရင်ခံ ဆာဒေါ်မန်စမစ်က စက္ကူဖြူစာတမ်းထုတ်ပြန်ခဲ့ပြီး ပြည်မကိုသာ လွတ်လပ်ရေးပေးမည်၊ တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ်သွားမည်ဟု ဖော်ပြခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ တွေ့ဆုံဆွေးနွေးကာ စက္ကူဖြူစာတမ်းကို လုံးဝလက်မခံဘဲ တောင်တန်းပြည်မအတူတကွ လွတ်လပ်ရေးပေးရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တောင်တန်းပြည်မပေါင်းစည်းရေး အချက်(၉)ချက် ပါဝင်သည့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး (၂၃) ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် တောင်တန်းပြည်မ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အုတ်မြစ်ချနိုင်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုသန္ဓေတည်ခဲ့သော ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့”ဟု နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသတ်မှတ်ပေးခဲ့ပါသည်။
ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာကသိအောင် ဖော်ကျူးခဲ့သောနေ့ဖြစ်ပါသည်။ “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသည့်အတိုင်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပါသည်။ ပြည်ထောင်စုအမွေဖြစ်သော လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျင်းပနိုင်ခဲ့သည်မှာလည်း ယခုဆိုလျှင် စိန်ရတုကာလကို ကျော်လွန်ခဲ့ပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကြီးကို ခံ့ညားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့အခါတွင် တိုင်းရင်းသားပြည်သူတို့၏ သွေးစည်းညီညွတ်မှုကို အခြေခံသော ပြည်ထောင်စုနေ့အမွေအနှစ်မှာ (၇၆) နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။
သမိုင်းအစဉ်အဆက် ထိန်းသိမ်းရန်ဖြစ်သော လွတ်လပ်ရေးကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မှသာ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးကို ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ကြရန်လိုအပ်ကြောင်း အသိပေးတိုက်တွန်းလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးမှာ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝမခံစားခဲ့ကြရဘဲ ယနေ့တိုင် သဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပါသည်။ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့်ငြိမ်းချမ်းရေး၏ အရသာကို အပြည့်အဝခံစားနိုင်ရန် တိုင်းရင်းသားအားလုံး လက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရန်လိုပါသည်။
မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာယူရမည့် အချက်ဖြစ်ပါသည်။ မိမိ၏ အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုမရှိပါ။ ထို့အတူ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲစိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကိုပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အန္တရာယ်ကို ဖြစ်စေသဖြင့် မတူကွဲပြားမှုများကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထား စဉ်းစားကြရန် တိုက်တွန်းမှာကြားလိုပါသည်။
မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထိန်းသိမ်းတာဝန်ယူစဉ်ကတည်းကပင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်ကို အောင်မြင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှတစ်ဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံး အပစ်အခတ်ရပ်စဲပေးထားပြီးဖြစ်ရာ နိုင်ငံနှင့် ပြည်သူအကျိုးကိုရှေးရှုပြီး တွေ့ဆုံဆွေးနွေးမှုများမှ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးဆောင်ရွက်ကြရန် လိုအပ်ပါသည်။
နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပဓာနကျသော ငြိမ်းချမ်းရေ၀းကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ပူးပေါင်းပါဝင်တည်ဆောက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သော “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဆိုသည့်အတိုင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေး လိုအပ်သည့် အခြေခံအချက်များ၊ အခြေအနေဖန်တီးမှုများကို ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ပြည်တွင်း/ပြည်ပ စွက်ဖက်မှုပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူအကျိုးကို စဉ်းစားလုပ်ဆောင်ရန် လိုအပ်ချက်တို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်းရင်လေးဖွယ်ရာ ဖြစ်နေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားပြည်သူများအားလုံးက ရှေ့သို့ချီမည် ပန်းတိုင်ဆီ - Keep Moving Forward to Achieve Our Goal ဟူသည့်အတိုင်း မိမိတို့ မျှော်မှန်းသည့်ပန်းတိုင်သို့ ရောက်ရှိစေရန် ပြည်သူများအားလုံးက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး၏ အသိဉာဏ်ပညာနှင့် စိတ်ရင်းစေတနာမှန်ကန်မှုသည် အဓိကကျပါသည်။ မိမိတို့၏ အကျိုးစီးပွားထက် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ချိန်ထိုးစဉ်းစားလုပ်ဆောင်ကြရန်လိုပါသည်။ မိမိတို့၏ ရပ်တည်ဆောင်ရွက်မှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျဖြင့် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြမှသာ နိုင်ငံနှင့်ပြည်သူကို အကျိုးပြုရာ ရောက်မည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး၏ အနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်လူရွယ်များအား အတွေးအခေါ်အယူအဆမှန်ကန်စေရေး၊ အသိပညာဗဟုသုတဖြန့်ဝေစေရေး၊ နိုင်ငံကိုချစ်သည့်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်စေရေးတို့ကို ဖန်တီးဖော်ဆောင်ပေးကြရန် လိုအပ်ပါသည်။ ထို့ကြောင့် မိမိတို့၏ သားသမီးများ၊ လူငယ်လူရွယ်များကို ဗလငါးတန်ပြည့်ဝသည့် အနာဂတ်သားကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ကျွန်တော်တို့အနေဖြင့် နိုင်ငံတော်ကို တာဝန်ယူစဉ်အတွင်းတွင် “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် ( ၂ ) ရပ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတစ်ခုတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးအရ တောင့်တင်းခိုင်မာမှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအကြောင်းတရားဖြစ်ပါသည်။ ကျေးလက်နေပြည်သူအများစုရှိသော မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး ကျန်စီးပွားရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် ဝင်ငွေ တိုးတက်စေရေးတို့ကို နိုင်ငံတော်မှ အလေးထားအားပေးကူညီဆောင်ရွက်ပေးလျက်ရှိပါ သည်။ သယံဇာတပေါကြွယ်ဝပြီး စီးပွားရေးအခြေခံကောင်းများရှိသည့် မိမိတို့ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော်မှ ကျေးလက်စီးပွားရေးနှင့် MSME လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ခရိုင် (၅၀) ရှိ အထက်တန်းကျောင်းတစ်ကျောင်းစီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးပြီး ထူးချွန်သူများကို အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကနှင့်အစိုးရတို့မှ သက်ဆိုင်သူ၊ တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ကြရန် လိုအပ်ပါသည်၊ ဆက်လက်၍လည်း ခရိုင်အားလုံးတွင် တိုးချဲ့ဖွင့်လှစ်သွားပါမည်။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ယင်းအခွင့်အရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်အတူတကွ ပေါင်းစည်းနေထိုင်လျက်ရှိသော ပြည်ထောင်စုကြီးဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံး ညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်ရန် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်တို့ကို ချမှတ်၍ ၎င်းလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
သို့သော်လည်း ယခုအချိန်တွင် မိမိတို့နိုင်ငံနှင့် နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု၏ အကျိုးကို ပျက်စီးဆုံးရှုံးစေလိုကြသည့် ပြည်တွင်း/ပြည်ပ အဖျက်အမှောင့်သမားများနှင့် အကြမ်းဖက်အင်အားစုများက သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေကြသကဲ့သို့ ပြည်သူလူထု အတွင်း အတွေးမှား၊ အမြင်မှား၊ လုပ်ရပ်မှားများ ဖြစ်ပေါ်လာစေရန်အတွက်လည်း သွေးဆောင်စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိနေပါသည်။ ထို့အပြင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေကြသော ကိုလိုနီလက်သစ် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေကြသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့် သတိထားကြရန်လိုအပ်ပါသည်။ လက်ရှိအချိန်ကာလတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန်ဖြစ်ပါကြောင်း အသိပေးမှာကြားလိုပါသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ ဖြစ်သော -
(၁) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရ တည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး၊
(၂) ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊
(၃) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲ ဆောင်ရွက်ရေး၊
(၄) ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်အောင် ဆောင်ရွက်ပေးရေး၊
(၅) တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးတို့ကို အောင်မြင်အောင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးချစ်ကြည်စွာ အကောင်ထည်ဖော်လျက် တိုင်းရင်းသားအချင်းချင်း ပေါင်းစုညီညာစည်းလုံးစွာဖြင့် ပြည်ထောင်စု၏ အသီးအပွင့်များကို မျှဝေခံစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- Log in to post comments